AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ(၂၁-၁၀-၂၀၂၂ရက်)

(၂၁-၁၀-၂၀၂၂ ရက်၊ နေပြည်တော်)

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၁-၁၀-၂၀၂၂ ရက်နေ့၊ ၁၄:၀၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ (၁) ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ပထမအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြပြီး အမှန်တကယ်လိုအပ် နေသည့် ပြည်သူများထံသို့ ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင် ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြပါသည်။ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရာတွင် ခွဲခြားမှုမရှိစေရေးနှင့် မည်သူမျှ ချန်လှပ်ထား မှုမရှိစေရေးမူနှင့်အညီ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ အကောင်အထည်ဖော်ဆောင် ရေးကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။