

(၂၁-၄-၂၀၂၂ ရက်၊ နေပြည်တော်)
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force) ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စား လှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကမ္ဘောဒီးယားကိုယ်စား လှယ်အဖွဲ့အား ၂၁-၄-၂၀၂၂ ရက်နေ့၊ ၁၁:၄၅နာရီတွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြား ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်မှ တူညီဆန္ဒ(၅) ချက်အကောင် အထည်ဖော်ဆောင်ရန်နှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ၏ စိတ်ရှည်သည်းခံမှု၊ နားလည်ပေးမှုနှင့် ခိုင်မာသောထောက်ခံမှုကို မျှော်လင့်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ (၅) ချက်ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး ဆန္ဒရှိပါကြောင်းနှင့် အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် မြန်မာနိုင်ငံတို့အနေဖြင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိစ္စသက်သက်ကိုသာ အလေးထား လုပ်ဆောင်သင့်ကြောင်းနှင့် တူညီဆန္ဒ(၅) ချက်အား အကောင်အထည်ဖော်ဆောင်ရာတွင် လက်တွေ့ကျကျ လုပ်ဆောင်ရန် အထူးအလေးထားသင့်ကြောင်း ပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် မည်သူ့ကိုမျှ ချန်လှပ်မထားစေရေးမူဝါဒကို အလေးထားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် အာဆီယံနှင့် ပြင်ပမိတ်ဖက်အဖွဲ့အစည်းများ၏ လုပ်ငန်းများနှင့် ဦးဆောင်ဦးရွက်ပြုမှုအားလုံးသည် မြန်မာနိုင်ငံအစိုးရ၏ လုပ်ငန်းစဉ်နှင့် မူဘောင်နှင့်အညီသာ ဖြစ်သင့်ကြောင်း ပြောကြားခဲ့ပါသည်။
H.E. Dr. KUNG Phoak က ခရီးစဉ်အတွက် စီစဉ်ထားရှိမှုများနှင့် အစည်းအဝေးများတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုများအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို လေးစားပါကြောင်း၊ တခြားနိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်လိုသည့် ဆန္ဒမပါဘဲ မြန်မာနိုင်ငံအား ကူညီရန် ဖြစ်နိုင်မည့် နည်းလမ်းများကို ရှာဖွေလျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် အလားတူ သမိုင်းနောက်ခံရှိသည့်အတွက် ပြည်တွင်းကိစ္စရပ်များ၏ ရှုပ်ထွေးမှုများကို နားလည်ပါကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် အာဆီယံနှင့် မြန်မာနှစ်ဦးနှစ်ဘက်လုံးအတွက် အဆင်ပြေသည့် နည်းလမ်းဖြင့် မြန်မာအား ကူညီရန်အသင့်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကမ္ဘောဒီးယားအနေဖြင့် အာဆီယံ၏ အစည်းအဝေးတိုင်းတွင် အာဆီယံအဖွဲ့ဝင် အားလုံးပါဝင်သည့် အာဆီယံတစ်ပေါင်းတစ်စည်းတည်းဖြစ်မှုကို ပြန်လည်တည်ဆောက်လိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် တူညီဆန္ဒ(၅)ချက်အား အကောင်အထည်ဖော်ဆောင်ရန် ဖြစ်နိုင်သည့် နည်းလမ်းပေါင်းစုံဖြင့် ကူညီဆောင်ရွက်နေမှုကို ပြသလိုပါကြောင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

