2nd Family Gastronomic Festival “Diplomacy of Taste” တွင် မြန်မာသံရုံး၊ မင့်စ်မြို့က မြန်မာ့ရိုးရာ အစားအစာများဖြင့် တည်ခင်းဧည့်ခံပါဝင်ဆင်နွှဲ (၁၃-၆-၂၀၂၆၊ မင့်စ်)

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးမှူး၍ ဘယ်လာရုစ်သမ္မတနိုင်ငံအခြေစိုက် သံရုံးများနှင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်ရုံးများ ပူးပေါင်းပါဝင်ကျင်းပသည့် 2nd Family Gastronomic Festival “Diplomacy of Taste” ကို ၁၃-၆-၂၀၂၆ ရက် (စနေနေ့) တွင် မင့်စ်မြို့ရှိ Friends စားသောက်ဆိုင်၌ ကျင်းပခဲ့ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဦးမိုးကျော်သူနှင့် မြန်မာသံရုံး၊ မင့်စ်မြို့မှ ဝန်ထမ်းများနှင့် မိသားစုများ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြန်မာသံရုံးက အုန်းနို့ခေါက်ဆွဲ၊ လက်ဖက်သုပ်၊ မြန်မာလက်ဖက်ရည်၊ ကော်ဖီတို့ဖြင့်တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပြီး မြန်မာ့ရိုးရာအစားအစာများအပြင် မြန်မာယဉ်ကျေးမှု လက်ရာပစ္စည်းများကိုလည်း ခင်းကျင်းပြသခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီးနှင့် ၎င်း၏မိသားစုတို့က အဓိကဧည့်သည်တော်များအဖြစ် ပါဝင်တက်ရောက်ကြပြီး ဘယ်လာရုစ်ရိုးရာအစားအစာ လက်တွေ့ ချက်ပြုတ်ပြသခြင်းနှင့် ရိုးရာအဝတ်အထည် ဝတ်စားဆင်ယင်ပြသခြင်းတို့အား အခမ်းအနား တက်ရောက်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး အခမ်းအနားတွင် မြန်မာသံရုံး၊ မင့်စ်မြို့ အပါအဝင် ဘယ်လာရုစ်သမ္မတနိုင်ငံအခြေစိုက် သံရုံးများနှင့် ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်ရုံးများက ရိုးရာအစားအစာများဖြင့် တည်ခင်းဧည့်ခံ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။