“2026 ASEAN – China(Guangdong) Trade Promotion and Supply Chain Cooperation Mechanism Exchange Conference” သို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း

(၁၆-၇-၂၀၂၆၊ ကွမ်ကျိုး)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည် ၁၆-၇-၂၀၂၆ ရက်တွင် ကွမ်တုန်းပြည်နယ်၊ ကွမ်ကျိုးမြို့ Guangzhou Baiyun International Convention Center ၌ ကျင်းပခဲ့သည့် “2026 China (Guangdong)-ASEAN Trade Promotion and Supply Chain Cooperation Mechanism Exchange Conference” သို့ ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါကွန်ဖရင့်ကို ကွမ်တုန်းပြည်နယ်အစိုးရနှင့် အာဆီယံ-တရုတ်စင်တာတို့က ပူးတွဲကြီးမှူးကာ တရုတ်နှင့် အာဆီယံနိုင်ငံများမှ လုပ်ငန်းရှင်များအကြား ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်နိုင်မည့် အဆင့်မြင့်ပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး တရုတ်-အာဆီယံစီးပွားရေးကောင်စီ၊ တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT Guangdong) ကွမ်တုန်းကော်မတီနှင့် ကွမ်တုန်းအပြည်ပြည်ဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးအသင်းတို့ကလည်း ပူးတွဲစီစဉ်သူအဖြစ် ပါဝင်ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားသို့ ကွမ်တုန်းပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Meng Fanli၊ အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး H.E. Zhang Lizhong၊ တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသံအမတ်ကြီး Dr. Irene M. Han၊ ကွမ်ကျိုးမြို့အခြေစိုက် အာဆီယံနိုင်ငံများဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် သံတမန်များ၊ နန်နင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်၊ CCPIT Guangdong မှ တာဝန်ရှိသူများ၊ အာဆီယံနိုင်ငံများမှ ကုန်သည်အသင်းများမှ တာဝန်ရှိသူများနှင့် တရုတ်နှင့် အာဆီယံနိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁,၀၀၀ ကျော် တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနား၌ ကွမ်တုန်းပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Meng Fanli၊ အာဆီယံ-တရုတ်စင်တာမှ အထွေထွေအတွင်းရေးမှူး H.E. Zhang Lizhong နှင့် တရုတ်နိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ ဒုတိယသံအမတ်ကြီး Dr. Irene M. Han တို့က အမှာစကား အသီးသီးပြောကြားခဲ့ကြပြီးနောက် တရုတ်နိုင်ငံတကာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ (CCPIT Guangdong) ကွမ်တုန်းကော်မတီနှင့် မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ စီးပွားရေးအသင်းအဖွဲ့များအကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း၊ လာအို၊ မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံများတွင် ကွမ်တုန်းပြည်နယ် စီးပွားရေးနှင့် ကုန်သွယ်ရေး ဝန်ဆောင်မှုစင်တာများ ဖွင့်လှစ်ခြင်းအမှတ်အသားပြားများ ပေးအပ်ခြင်းနှင့် China (Guangdong) – ASEAN Supply Chain Cooperation Report 2026 ထုတ်ပြန်ကြေငြာခြင်း အစီအစဉ်များအား ဆက်လက် ကျင်းပခဲ့ပါသည်။

ထို့နောက် “AI – driven Supply Chain and Industrial Chain Collaboration” ခေါင်းစဉ်ဖြင့် ပူးပေါင်းဆောင်ရွက်ရေး စကားဝိုင်းတစ်ရပ် ကျင်းပခဲ့ပြီး မလေးရှား၊ ထိုင်း၊ မကာအို၊ ဟောင်ကောင်တို့မှ ကုန်သွယ်ရေးအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ ပညာရှင်များက ပါဝင်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။