(၂၇-၈-၂၀၂၅ ရက်၊ နန်နင်း)
တရုတ်နိုင်ငံ၊ နန်နင်းမြို့၊ လိယွမ်အစိုးရဧည့်ဂေဟာတွင် ၂၇-၈-၂၀၂၅ ရက်နေ့၌ ကျင်းပ သော 2025 ASEAN-Oriented Standardization Cooperation Forum သို့ မြန်မာနိုင်ငံ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း တက်ရောက်ခဲ့ပါသည်။ အဆိုပါဖိုရမ်သို့ ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူး Mr. Wei Tao၊ တရုတ်ဈေးကွက်စီမံခန့်ခွဲ ရေးဌာန ဒုတိယဝန်ကြီး Mr. Bai Qingyang၊ တရုတ်နိုင်ငံဆိုင်ရာ ဘရူနိုင်းသံအမတ်ကြီး Mr. Pehin Dato Rahmani Dato Basir၊ ကမ္ဘောဒီးယားနိုင်ငံမှ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Keky နှင့် စာတိုက်နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Sok Puthyvuthi၊ International Electro-technical Commission (IEC) Asia-Pacific Center၊ ASEAN Consultative Committee for Standardization and Quality (ACCSQ)၊ ASEAN Secretariat နှင့် ASEAN-China Center စသည့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များအပါအဝင် နန်နင်းမြို့အခြေစိုက် ကမ္ဘောဒီးယား၊ မလေးရှားကောင်စစ်ဝန်ချုပ်များနှင့် အခြား ဖိတ်ကြားထားသော ဧည့်သည်စုစုပေါင်း (၃၀၀)ကျော် တက်ရောက်ခဲ့ကြပါသည်။ ဖိုရမ်၌ ကွမ်ရှီးဒေသအုပ်ချုပ်ရေးမှူးအပါအဝင် အဓိကဧည့်သည်တော်များက အဖွင့်အမှာ စကားများ ပြောကြားစဉ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ မှ မြန်မာနိုင်ငံ၌ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ၏ အဓိကဝန်ကြီးဌာနဖြစ်ပြီး အမျိုးသားအဆင့်အရည်အသွေးဆိုင်ရာ အခြေခံအဆောက်အအုံ အားကောင်းစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနအနေဖြင့်သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ AI နည်းဗျူဟာ နှင့် မူဝါဒများကို ရေးဆွဲလျက်ရှိပါကြောင်း၊ တရုတ်နိုင်ငံ၏ AI အုပ်ချုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ သည် အာဆီယံ၏ ပြောင်းလဲတိုးတက်နေသော ဒစ်ဂျစ်တယ်စီးပွားရေးကို ဖြည့်စွမ်းပေးနိုင်မည် ဖြစ်ကြောင်း၊ တရုတ်-အာဆီယံပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေးမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုနှင့် အာဆီယံစမတ်မြို့များ ကွန်ရက်ကဲ့သို့ စီမံကိန်းများသည် အခွင့်အလမ်းကောင်းများကို ဖန်တီးပေးလျက်ရှိပါကြောင်း၊ တရုတ်-အာဆီယံ အကြား ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားရေးတည်ငြိမ်မှုနှင့် နည်းပညာ တိုးတက်မှု တို့အတွက် အတူတကွဖန်တီးကြမည်ဖြစ်ပါကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါသည်။ ထို့နောက် သဘောတူစာချုပ်များ လက်မှတ်ရေးထိုးကြရာတွင် မြန်မာ National Institute of Metrology နှင့် ကွမ်ရှီးဒေသ Institute of Metrology and Test တို့အကြား Agreement on Cooperation in AI-Powered Metrology ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရပါသည်။

