2025 ASEAN Media Partners Cooperation Week သို့ မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် မြန်မာကောင်စစ်ဝန်ချုပ်တို့ တက်ရောက်

(၃-၁၁-၂၀၂၅ ရက်၊ နန်နင်းမြို့)

တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ၃-၁၁-၂၀၂၅ ရက်နေ့၌ ကျင်းပသော 2025 ASEAN Media Partners Cooperation Week ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်အတူ နန်နင်းမြို့၊ မြန်မာ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ China Media Group မှ ဒုတိယဥက္ကဋ္ဌနှင့် CGTN ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Fan Yun၊ ကွမ်ရှီး CPC ပါတီအမြဲတမ်းအဖွဲ့ဝင်နှင့် ပြန်ကြားရေးဌာနအကြီးအကဲဖြစ်သူ Ms. Chen Yujun၊ ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Kem Gunawadh နှင့် Thai Media Fund မှ Dr. Dhanakorn Srisooksai စသည့် အဆင့်မြင့်ကိုယ်စားလှယ်များအပါအဝင် နန်နင်းမြို့အခြေစိုက် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်ကောင်စစ်ဝန်ချုပ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်စုစုပေါင်း (၂၀၀)နီးပါး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနား၌ ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရဲတင့်က အဖွင့်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ 2025 ASEAN Media Partners Cooperation Week သို့ ဖိတ်ကြား သည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ပွဲ၏အကြောင်းအရာ ဖြစ်သည့် “Openness, Culture, Shared Home” သည် အလွန် အဓိပ္ပါယ်ရှိကာ အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ မိတ်ဖက် နိုင်ငံများအကြား ဆက်ဆံရေးတွင်လည်း အရေးပါကြောင်း၊ ယနေ့ကမ္ဘာတွင် မီဒီယာကဏ္ဍသည် သတင်းများ ဖြန့်ဝေခြင်းသာမက နိုင်ငံများ၊ ပြည်သူများ၊ ယဉ်ကျေးမှုများကို ပေါင်းစည်း ပေးသည့် ပေါင်းကူးတံတားလည်းဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ယဉ်ကျေးမှု ဆက်နွယ်မှုသည် သမိုင်းကြောင်းသည်လည်း ရှည်ကြာခဲ့ပြီဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြားနှင့် နှစ်နိုင်ငံပြည်သူများအကြား ယဉ်ကျေးမှုဖလှယ်ခြင်းဖြင့် အပြန်အလှန်နားလည်မှု၊ ချင်ခင်ရင်းနှီးမှု၊ လေးစားမှုနှင့် စည်းလုံးမှုကို ဖော်ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ပြင် လက်ရှိ ဒစ်ဂျစ်တယ်ခေတ်၌ အရေးပါသော တိကျသည့်သတင်းများ ဖြန့်ဝေမှု၊ သတင်းတု၊ သတင်းမှားနှင့် လုပ်ကြံသတင်းများ တိုက်ဖျက်မှုနှင့် လူမှုရေးရာ အပြန်အလှန်နားလည်မှုများ၌ မိမိတို့ မီဒီယာများအနေဖြင့် လက်တွဲ လုပ်ဆောင်သွားကြရမှာ ဖြစ်ပါကြောင်း၊ ပြည်သူအများက တိကျသော၊ မှန်ကန်သော သတင်းများ ရရှိရေး၊ မိမိတို့၏ တန်ဖိုး၊ အားလုံးအတွက် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်ရေးတို့ မြှင့်တင်ရန် အတွက် မြန်မာနိုင်ငံအနေဖြင့် မိတ်ဖက်အားလုံးနှင့်အတူ လက်တွဲကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် ကောင်စစ်ဝန်ချုပ်တို့သည် 2025 ASEAN Media Partners Cooperation Week နှင့် အစီအစဉ်ငယ်များ ဖွင့်လှစ်မှုများကို စင်ပေါ်၌ တက်ရောက်ဖွင့်လှစ်ပေးခဲ့ ကြပါသည်။