(၁၂-၁၂-၂၀၂၂ ရက်၊ ဟနွိုင်း)
ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bui Thanh Son ၏ ဇနီးဖြစ်သူ AWCH ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mrs. Vu Thi Bich Ngoc မှ ဦးစီး၍ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ Service Department for Diplomatic Corps မှ ကမကထပြုလုပ်ကာ နှစ်စဉ်ကျင်းပမြဲဖြစ်သော 2022 International Food Festival ပွဲတော်ကို ဟနွိုင်းမြို့ရှိ သံတမန်အိမ်ရာဝင်း၌ ၁၁-၁၂-၂၀၂၂ ရက် (တနင်္ဂနွေနေ့) တွင် ကျင်းပခဲ့ရာ မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ သံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံရုံးဝန်ထမ်းများနှင့် မိသားစုဝင်များ ပါဝင်ဆင်နွှဲခဲ့ပါသည်။
အဆိုပါ ပွဲတော်ဖွင့်ပွဲ အခမ်းအနား၌ AWCH ၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mrs. Vu Thi Bich Ngoc နှင့် သံအမတ်ကြီးများ ကိုယ်စား ဟနွိုင်းမြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံအမတ်ကြီး Denny Adbi တို့မှ အသီးသီး မိန့်ခွန်းပြောကြားခြင်း၊ အကအလှဖျော်ဖြေခြင်း၊ ပွဲဖြစ်မြောက်ရေးအတွက် အဓိက ပံ့ပိုးကူညီသည့် ကုမ္ပဏီ (၂) ခုအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခြင်း၊ မသန်စွမ်းနှင့် မိဘမဲ့ကျောင်းများအပါအဝင် ဌာန (၃) ခုသို့ အလှူငွေပေးအပ်ခြင်း တို့အား ဆောင်ရွက်ခဲ့ကြပါသည်။
2022 International Food Festival ပွဲတော်သို့ ဗီယက်နမ်သမ္မတဟောင်း H.E Mr. Truong Tan Sang ၏ ဇနီးဖြစ်သူ Mrs. Mai Thi Hanh ၊ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ဟနွိုင်းမြို့ အခြေစိုက် နိုင်ငံတကာသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ မိသားစုဝင်များနှင့် ပြည်သူများ ပါဝင်တက်ရောက်ခဲ့ကြပြီး သံရုံးများ၊ အဖွဲ့ရုံးများ၊ နိုင်ငံခြားဆက်ဆံရေးဌာနများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ နိုင်ငံခြားယဉ်ကျေးမှုစင်တာများ၊ ခရိုင်များ၊ ဗီယက်နမ် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းများမှ ဆိုင်ခန်းပေါင်း ၁၃၀ ခန့် ပါဝင်ဖွင့်လှစ်၍ နိုင်ငံတကာ အစားအစာများနှင့် ရိုးရာလက်မှုပစ္စည်းများ ရောင်းချခဲ့ကြကြောင်းနှင့် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ မြန်မာ့ရိုးရာအစားအစာများဖြစ်သော မုန့်ဟင်းခါး၊ ငှက်ပျောပေါင်းနှင့် မြန်မာလက်ဖက်ရည်တို့အား ရောင်းချခဲ့ပြီး အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။






