(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီး အစည်းအဝေးများအတွက် ကြိုတင်တင်ပြင်ဆင်သည့် အာဆီယံ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ပဉ္စမအကြိမ်မြောက် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံပူးပေါင်းညှိနှိုင်ရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးတို့ကို Videoconferencing စနစ်ဖြင့် ကျင်းပ

(၉-၁၁-၂၀၂၀ ရက်၊ နေပြည်တော်)

(၃၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများအတွက် ကြိုတင်တင်ပြင်ဆင်သည့် အာဆီယံ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ပဉ္စမအကြိမ်မြောက် ပြည်သူ့ကျန်းမာရေးအရေးပေါ်ဆိုင်ရာ အာဆီယံပူးပေါင်းညှိနှိုင်ရေးကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေး (5th ASEAN Coordinating Council Working Group on Public Health Emergencies) တို့ကို ယနေ့နံနက် ၀၈၃၀ နာရီအချိန်မှ စတင်၍ video conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဟောက်ခန့်ဆုမ်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်မှ ပါဝင် တက်ရောက် ဆွေးနွေးခဲ့သည်။

အစည်းအဝေးများတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Mr. Nguyen Quoc Dzung က သဘာပတိအဖြစ် ဆောင်ရွက်ပြီး၊ အစည်းအဝေးသို့ အာဆီယံ အဆင့်မြင့် အရာရှိကြီးများနှင့် အာဆီယံဒုတိယအတွင်းရေးမှူးချုပ်တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ် ဗီယက်နမ်နိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှု အခြေအနေများ၊ COVID-19 ကူးစက်ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် အာဆီယံ၏ ဦးစားပေးလုပ်ငန်းစဉ်များ၊ အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးစာချုပ် (TAC) တွင် ပြင်ပနိုင်ငံများက ပါဝင်လက်မှတ် ရေးထိုးမည့်ကိစ္စရပ်များနှင့် အာဆီယံ၏ ပြင်ပ ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များလည်းကောင်း၊ မကြာမီ ကျင်းပပြုလုပ်မည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေး၊ (၂၂) ကြိမ်မြောက် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံပေါင်းစပ်ညှိနှိုင်းရေး ကောင်စီအစည်းအဝေး၊ (၃၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး ၊ အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် ကျင်းပပြုလုပ်မည့် ထိပ်သီးအစည်းအဝေးများ၊ (၂၃) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး နှင့် (၁၅) ကြိမ်မြောက် အရှေ့အာရှထိပ်သီး အစည်းအဝေးတို့အား အောင်မြင်စွာ ကျင်းပပြုလုပ်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လည်းကောင်း အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ကျင်းပသည့် ပဉ္စမအကြိမ်မြောက် ပြည်သူ့ကျန်းမာရေး အရေးပေါ်ဆိုင်ရာ အာဆီယံ ပူးပေါင်းညှိနှိုင်ရေး ကောင်စီ လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် အာဆီယံ၏ COVID-19 တုံ့ပြန်ရေး ရန်ပုံငွေ (ASEAN COVID-19 Response Fund) ထူထောင်ရေးနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအတွက် ဒေသတွင်း၌ ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ အရံသိုလှောင် ထားရှိရေး (ASEAN Regional Reserve of Medical Supplies for Public Health Emergencies) ဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ၏ ဘက်စုံပြန်လည် ထူထောင်ရေးမူဘောင် (ASEAN Comprehensive Recovery Framework) ရေးဆွဲရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ် ကိစ္စရပ်များဆိုင်ရာ အာဆီယံ၏ စံလုပ်ထုံးလုပ်နည်းများ (ASEAN Standard Operating Procedures for Public Health Emergencies) ၊ အာဆီယံဒေသ အရေးပေါ် ပြည်သူ့ကျန်းမာရေးနှင့် ရောဂါဆိုင်ရာဗဟိုဌာန ဖွင့်လှစ် ထူထောင်ရေး ကိစ္စရပ်များနှင့် ASEAN Travel Corridor Arrangement မူဘောင်တစ်ရပ် ချမှတ်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ အဆင့်မြင့်အရာရှိများလည်း ပါဝင် တက်ရောက်ခဲ့ကြသည်။