အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့သို့ မြန်မာ့သုခုမအနုပညာလက်ရာ စောင်းကောက် လှူဒါန်းခြင်း အခမ်းအနား ကျင်းပ
![]() |
![]() |
(၅-၄-၂၀၁၉ ရက်၊ နယူးယောက်မြို့)
အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (International Seabed Authority-ISA) ဖွဲ့စည်းတည်ထောင် သည့် (၂၅) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားအတွက် ဂျမေကာနိုင်ငံ၊ ကင်စတန်မြို့ရှိ ISA ဌာနချုပ်ရှိ အထိမ်းအမှတ် ပြတိုက်တွင် ပြသထားရှိနိုင်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက ပေးပို့လှူဒါန်းသည့် မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာ စောင်းကောက် (၁) လက်ကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ထံသို့ လွှဲပြောင်း ပေးအပ်သည့် အခမ်းအနားတစ်ရပ် ကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံး၌ ၃-၄-၂၀၁၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အထက်ပါ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနား၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက မြန်မာ့ယဉ်ကျေးမှု အနုသုခုမလက်ရာ စောင်းကောက်ကို အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ အတွင်းရေးမှူးချုပ် Mr. Michael W. Lodge ထံသို့ မြန်မာနိုင်ငံအစိုးရကိုယ်စား လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
နိုင်ငံများ၏ တရားစီရင်ပိုင်ခွင့်ပြင်ပ ပင်လယ်ကြမ်းပြင်ဧရိယာရှိ ပင်လယ်ကြမ်းပြင်မှ အဏ္ဏဝါ ဓာတ်သတ္တု တွင်းထွက်များ ရှာဖွေတူးဖော်ခြင်းကို စီမံအုပ်ချုပ်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင်အာဏာပိုင်အဖွဲ့ (International Seabed Authority-ISA) ကို ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Convention on the Law of the Sea-UNCLOS) အာဏာသက်ဝင်သည့် ၁၉၉၄ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် ဖွဲ့စည်းခဲ့ ပါသည်။
မြန်မာနိုင်ငံသည် UNCLOS သို့ ၂၁-၅-၁၉၉၆ ရက်တွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီး (၉၁) နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အပြည်ပြည်ဆိုင်ရာ ပင်လယ်ကြမ်းပြင် အာဏာပိုင်အဖွဲ့ အစည်းအဝေးများသို့ တက်ကြွစွာ ပါဝင်တက်ရောက်လျက် ရှိသည့်အပြင် ISA နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်အားလျော်စွာ ယင်းအဖွဲ့၏ (၂၅) နှစ်ပြည့် အထိမ်းအမှတ်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံအစိုးရက မြန်မာ့ယဉ်ကျေးမှုပစ္စည်းတစ်ခုကို ပေးပို့လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။







