ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဦးဆောင်၍ ASEAN Day 2018 အခမ်းအနား ကျင်းပခဲ့
![]() |
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့ရှိ အာဆီယံနိုင်ငံများ၏ သံရုံးများဖြင့် ဖွဲ့စည်းထားသည့် ASEAN-Dhaka Committee (ADC) ၏ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဦးဆောင်၍ အာဆီယံနေ့ အထိမ်းအမှတ် အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့၊ အင်ဒိုနီးရှားသံရုံး၌ ၈-၈-၂၀၁၈ ရက်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားကို အာဆီယံ အလံတင်အခမ်းအနားနှင့် အာဆီယံ အစားအစာပွဲတော် စသည့် အစီအစဉ် (၂) ရပ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ကာ အဓိကဧည့်သည်တော်အဖြစ် ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး H.E. Mr. AHM Mustafa Kamal ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. M Delwar Hossain ၊ ဒါကာမြို့ အခြေစိုက် အာဆီယံ သံရုံးအကြီးအကဲများနှင့် ဇနီးများ၊ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် ဇနီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် ဇနီးများ၊ ဘင်္ဂလားဒေ့ရှ် အစိုးရအဖွဲ့မှ ပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ အာဆီယံနိုင်ငံ အသီးသီး၏ ကုန်သည်ကြီးများနှင့် စက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌနှင့် ဘင်္ဂလားဒေ့ရှ် စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အလံတင် အခမ်းအနားအစီအစဉ်အရ ရှေးဦးစွာ အာဆီယံအလံကို မြန်မာ (ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ဦးမှ လွှင့်တင်ခဲ့ပါသည်။ ထို့နောက် အာဆီယံ ဒါကာကော်မတီ၏ အလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့် အဓိက ဧည့်သည်တော်ဖြစ်သူ ဘင်္ဂလားဒေ့ရှ် စီမံကိန်းဝန်ကြီး H.E. Mr. AHM Mustafa Kamal တို့က အသီးသီးမိန့်ခွန်း ပြောကြားခဲ့ပါသည်။
အလံတင် အခမ်းအနားပြီးနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များကို ဒါကာမြို့ အခြေစိုက် အာဆီယံ သံရုံး (၈) နိုင်ငံဖြစ်သည့် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။






