တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး ကျင်းပ
![]() |
![]() |
(၂၁-၅-၂၀၁၉ ရက်၊ နေပြည်တော်)
တတိယအကြိမ်မြောက် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲကော်မရှင်၏ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်၊ နံနက် ၁၀၀၀ နာရီတွင် ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးကို နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့် ပစိဖိတ်ရေးရာဦးစီးဌာန၏ လက်ထောက်အတွင်းဝန် Mr. Meynardo LB. Montealegre တို့က ဦးဆောင်ကျင်းပခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာ-ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ငါးလုပ်ငန်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ခရီးသွားလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ မူးယစ်ဆေးဝါးနှင့် နိုင်ငံဖြတ်ကျော်မှုခင်းများ တားဆီးကာကွယ်ရေး၊ ကာကွယ်ရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ သင်တန်းများ ပေးအပ်ရေး အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ၌ ပိုမိုပူးပေါင်း ဆောင်ရွက်သွားရေးနှင့် အပြန်အလှန် အကူအညီပေးရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဟန်သည် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှနှင့်ပစိဖိတ်ရေးရာဦးစီးဌာန၏ လက်ထောက်အတွင်းဝန် Mr. Meynardo LB. Montealegre နှင့် ကိုယ်စားလှယ်အဖွဲ့အား M Gallery ဟိုတယ်၌ နေ့လယ်စာဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။







