(၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲ အခမ်းအနားအား ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပ

(၂၈-၃-၂၀၂၆၊ ဟနွိုင်း)

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို မြန်မာသံရုံးနှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံး၊ ဟနွိုင်းမြို့တို့ ပူးပေါင်းစီစဉ်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဟနွိုင်းမြို့ရှိ Melia Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ပြည်သူ့တပ်မတော် ဒုတိယစစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ငွီယန် ဘားလု က အဓိကဧည့်သည်တော်အဖြစ် တက်ရောက်၍ ဗီယက်နမ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အစိုးရဝန်ကြီးဌာနများမှ အရာရှိကြီးများ၊ ဟနွိုင်းမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံးများအပါအဝင် ပြည်ပသံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊ သံတမန်များ၊ စစ်သံမှူးများ၊ ဗီယက်နမ်-မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗီယက်နမ်စီးပွားရေးလုပ်ငန်းရှင်များ၊ ဗီယက်နမ်နိုင်ငံရှိ မြန်မာနိုင်ငံသားများနှင့် ပညာသင်များအပါအဝင် ဧည့်သည်တော် (၁၅၀) ခန့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

          အခမ်းအနားအစီအစဉ်အရ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဝေလင်းမှ တက်ရောက်လာသည့် ဧည့်သည်တော်များကို ဦးဆောင်ကြိုဆိုနှုတ်ဆက်၍ နှစ်နိုင်ငံအလံများကို အလေးပြုဖွင့်လှစ်ခဲ့ပြီးနောက် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မြင့်ထွန်းနိုင်နှင့် အထူးဧည့်သည်တော် ဒုတိယဗိုလ်ချုပ်ကြီး ငွီယန် ဘားလု တို့က နှစ်နိုင်ငံလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ သမိုင်းအစဉ်အလာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ရေးတို့ကို ဖော်ညွှန်း၍ အထိမ်းအမှတ်ဂုဏ်ပြုအမှာစကားများ အသီးသီးပြောကြားခဲ့ပါသည်။

ထို့နောက်အခမ်းအနားသို့ တက်ရောက်လာသူများအား မြန်မာ့ရိုးရာအစားအစာများပါဝင်သည့် ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ၍ တပ်မတော်နေ့အထိမ်းအမှတ် မှတ်တမ်းဗီဒီယိုများ ပြသခဲ့ပါသည်။