(၂၈-၃-၂၀၂၆ ရက်နေ့၊ ပေကျင်း)
မြန်မာသံရုံး၊ ပေကျင်းမြို့နှင့် မြန်မာစစ်သံရုံး (ကြည်း၊ရေ၊လေ) တို့ ပူးပေါင်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၈၁) နှစ်ပြည့် တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲ အခမ်းအနားကို မြန်မာသံရုံး၊ ပေကျင်းမြို့၌ ၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့က ၁၈၃၀ နာရီမှ ၂၀၃၀ နာရီအထိ ကျင်းပခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ရေတပ်)မှ ဒုတိယ ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး မာလိရှင်းနှင့် တရုတ်နိုင်ငံ၊ ဗဟိုစစ်ကော်မရှင် နိုင်ငံတကာ စစ်ဘက် ပူးပေါင်းဆောင်ရွက်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဗိုလ်ချုပ် ရဲ့ကျန်းတို့က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး၊ တရုတ်နိုင်ငံ၊ ဗုဒ္ဓဘာသာအသင်း၊ ဒုတိယဥက္ကဋ္ဌနှင့် လင်ကွန်းကျောင်းတိုက် ဆရာတော် ချန်းကျန့်၊ မြန်မာသံရုံး၊ ပေကျင်းမြို့မှ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဇေယျကျော်ထင်၊ စည်သူ ဦးဇော်ဝင်းမြင့် ဦးဆောင်၍ မြန်မာစစ်သံရုံးမှ စစ်သံမှူး (ကြည်း၊ ရေ၊လေ) ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ အရာရှိကြီးများ၊ ပေကျင်းမြို့အခြေစိုက် စစ်သံရုံးများမှ စစ်သံမှူးများ၊ တရုတ်နိုင်ငံ၊ အစိုးရပိုင်ကုမ္ပဏီများမှ တာဝန်ရှိသူများ၊ မြန်မာသံရုံး၊ ပေကျင်းမြို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ မြန်မာစစ်သံရုံး (ကြည်း၊ ရေ၊လေ) မှ အရာရှိများ၊ စစ်သည်များ၊ မိသားစုဝင်များ၊ တရုတ်နိုင်ငံတွင် ပညာသင်ကြားလျက်ရှိသည့် သင်တန်းသားအရာရှိများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဇေယျကျော်ထင်၊ စည်သူ ဦးဇော်ဝင်းမြင့် မှ မိန့်ခွန်းပြောကြားရာ၌ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် မိမိတို့နိုင်ငံ၏ ပထဝီအနေအထား၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ စသည့်အကြောင်းအချက်အလက်များအပေါ် မူတည်ပြီး မိမိနိုင်ငံနှင့်သင့်လျော်သော နိုင်ငံရေးစနစ်တစ်ခုစီကို ချမှတ်ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ပထဝီနိုင်ငံရေးအရ အရေးပါသောနေရာတွင် တည်ရှိနေသည်ဖြစ်ရာ နိုင်ငံတကာ နှင့် ဆက်ဆံရာတွင် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပါ ကြောင်း၊ မြန်မာ့တပ်မတော်အနေဖြင့် နိုင်ငံတော်အစိုးရက ချမှတ်ထားသည့် မူဝါဒများ၊ လမ်းညွန်ချက်များနှင့်အညီ နိုင်ငံတစ်ဝန်းပြည်သူများ၏ လူမူစီးပွားဘဝလုံခြုံရေး၊ နိုင်ငံတော် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးမှု အပြည့်အဝပြန်လည်ရရှိရေးတို့အတွက် အလေးထား လုပ်ဆောင်လျက်ရှိပါကြောင်း၊ ထို့အပြင် တပ်မတော်သည် အမျိုးသားရေးမူဝါဒဖြစ်သော ဒို့တာဝန် အရေး (၃) ပါးကို ကာကွယ်စောင့်ရှောက်သွားမည့်အပြင် ငြိမ်းချမ်းသာယာသော အသိုက်အဝန်း တည်ဆောက်နိုင်ရေးအတွက် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အိမ်နီးချင်းတပ်မတော်၊ ဒေသတွင်း တပ်မတော်၊ နိုင်ငံတကာတပ်မတော်များနှင့်လည်း မိတ်ဝတ်မပျက် ဆက်ဆံရေးများ ထားရှိ ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တို့အကြားတွင်လည်း ဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို နှစ်ရှည်လများ တည်ဆောက်လာခဲ့ကြပြီး၊ တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများမှာ လက်ရှိအချိန်အထိ အခိုင်အမာတည်ရှိလျက်ရှိဆဲဖြစ်ပါကြောင်းဖြင့် မိန့်ခွန်းပြောကြားခဲ့ပြီး၊ တပ်မတော်နေ့ အထိမ်းအမှတ် ဂုဏ်ပြုဆုတောင်းခြင်းကို ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ကြွရောက်လာကြသည့် ဧည့်သည်တော်များအား စားသောက်ဖွယ်ရာများဖြင့် တည့်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။



