(၃၁-၃-၂၀၂၆ ရက်၊ ဒါကာ)
မြန်မာသံရုံး၊ ဒါကာမြို့နှင့် မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ)ရုံးတို့ ပူးပေါင်း၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ (၈၁) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့တော်ရှိ Radisson Blu Water Garden Hotel ၌ ကျင်းပခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ နှစ်နိုင်ငံ နိုင်ငံတော်သီချင်းများဖြင့် ဂုဏ်ပြုခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စိုးမိုးနှင့် မြန်မာစစ်သံမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ဇော်မန်းဖြိုးတို့က နှုတ်ခွန်းဆက်အမှာစကားများ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ အထူးဧည့်သည်တော် ဘင်္ဂလားဒေ့ရှ်လေတပ်ဦးစီးချုပ် Air Chief Marchal Hasan Mohmood Khan, BBP, OSP, GUP, nswc, psc က တပ်မတော်နေ့ နှစ်ပတ်လည်အခါသမယအတွက် ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တပ်မတော်နေ့အထိမ်းအမှတ် ဂုဏ်ပြုကိတ်ခွဲကာ သံအမတ်ကြီးနှင့် စစ်သံမှူးတို့မှ အထူးဧည့်သည်တော်အား အထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဘင်္ဂလားဒေ့ရှ် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အတွင်းဝန်နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဒါကာမြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ စစ်သံမှူးများနှင့် ဒါကာအခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများမှ သံတမန်များ၊ ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာအသိုင်းအဝန်းမှ မိတ်ဆွေ သင်္ဂဟများနှင့် ဒါကာရောက် မြန်မာနိုင်ငံသား များအပါအဝင် ဧည့်သည်တော် ၁၈၀ ကျော် တက်ရောက်ခဲ့ကြပါသည်။ ယင်းနောက် တက်ရောက်လာကြသည့်ဧည့်သည်တော်များအား မြန်မာ့ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။




