(၇၈) ကြိမ်မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ်လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် တက်ရောက်

(၁၆-၃-၂၀၂၆ ရက်၊ ဂျကာကာ)

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၈) ကြိမ် မြောက် အာဆီယံပေါင်းစည်းရေးအစီအစဉ် လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ပါဝင် တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးကို ၂၀၂၆ ခုနှစ်၏ အာဆီယံပေါင်းစည်းရေးအစီအစဉ် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ အာဆီယံဆိုင်ရာ ကမ္ဘောဒီးယားအမြဲတမ်းကိုယ်စားလှယ် H.E. Noy Choumneanh က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပြီး အာဆီယံပေါင်းစည်းရေးအစီအစဉ် လုပ်ငန်းအဖွဲ့ အဖွဲ့ဝင် များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေး၌ အာဆီယံပေါင်းစည်းရေးအစီအစဉ်၏ လုပ်ငန်းအစီအစဉ်- ၄ (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများနှင့် ဒေသတွင်းဖွံ့ဖြိုးမှု ကျဉ်းမြောင်းစေရေးအတွက် လုပ်ငန်းအစီအစဉ်- ၁ မှ ၄ အထိ အကောင်အထည်ဖော်ခဲ့သည့် သမိုင်းတစ်လျှောက် အောင်မြင်မှုနှင့် ကြုံတွေ့ရသည့် စိန်ခေါ်မှုများအပေါ် သုံးသပ်ခဲ့ကြပြီး ပြီးခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးတွင် အတည်ပြုထုတ်ပြန်ခဲ့သည့် လုပ်ငန်းအစီအစဉ်-၅ အကောင်အထည်ဖော်ရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။