(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုအခမ်းအနားကျင်းပ

(၁၇-၂-၂၀၂၂ ရက်၊ နေပြည်တော်)

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား မှတ်တမ်းတင်ဂုဏ်ပြုအခမ်းအနားကို ၁၇-၂-၂၀၂၂ ရက် (ကြာသပတေးနေ့) ညနေ(၁၆၀၀)နာရီတွင် လောကနတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းများအားလုံး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ရာတွင် (၇၅)နှစ်မြောက် ပြည်ထောင်စုနေ့၏ ထူးခြားလေးနက်ပုံ၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးအရယူနိုင်ခဲ့ပုံ၊ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် တိုင်းရင်းသားညီအစ်ကို မောင်နှမများ၏ စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံတော် တိုးတက်ဖွံ့ဖြိုးရေးကို ဆောင်ရွက် သွားရေးများကို အလေးထားပြောကြားခဲ့ပြီး၊ စီမံကိန်းနှင့်စီမံရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြည်ထောင်စုဝန်ကြီး၏ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ဖတ်ကြားခဲ့ပါသည်။ အဆိုပါဂုဏ်ပြုလွှာတွင် ၂၀၂၂ ခုနှစ်၊ ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနားကို နေပြည်တော်ရှိ ဗိုလ်ရှုခံရင်ပြင်၌ သိုက်သိုက်ဝန်းဝန်းဖြင့် ကြီးကျယ်ခမ်းနားစွာ ကျင်းပဆောင်ရွက်နိုင်ခဲ့ကြောင်း၊ အခမ်းအနားတွင် ဝန်ကြီးဌာနအလိုက် ပါဝင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအားလုံး တက်ကြွပျော်ရွှင်စွာ စည်းစည်းလုံးလုံးဖြင့် အပင်ပန်းခံ၍ အလေးထားဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိခဲ့ရကြောင်း၊ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးကို အားလုံးမှညီညွတ်စွာစုစည်း၍ စနစ်တကျဖြင့် ခမ်းခမ်းနားနား ဆောင်ရွက်နိုင်ခဲ့သဖြင့် သမိုင်းတွင် မှတ်ကျောက်တစ်ခုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အဆိုပါ အခမ်းအနားကြီးတွင် ချီတက်စစ်ကြောင်း၌ ပါဝင်ခဲ့ကြသော နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း များသည် မိမိဝန်ကြီးဌာန၏ ဂုဏ်သိက္ခာကို ဖော်ဆောင်သည့်အနေဖြင့် ညီညာဖျဖျ အားတက်သရော တက်တက်ကြွကြွ အလေးထား ဆောင်ရွက်ခဲ့ကြသည်ကို ဂုဏ်ယူဝမ်းမြောက်ဖွယ် တွေ့မြင်ရသည့်အတွက် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါကြောင်း၊ ထို့အပြင် မိမိတို့ကျရာတာဝန်မှ လစ်ဟင်းမှု မရှိအောင် ပါဝင်အားဖြည့် ဆောင်ရွက်ခဲ့ကြသော ချီတက်စစ်ကြောင်း(အရန်) ဝန်ထမ်းများ၊ ထိုင်ကြည့်စစ်ကြောင်းပါ ဝန်ထမ်းများ၊ အုပ်ချုပ်သူနှင့် အထောက်အကူပြုအဖွဲ့ ဝန်ထမ်းများအားလုံးကိုလည်း ကျေးဇူးဥပကာရတင်ရှိပါကြောင်း ဖော်ပြပါရှိပါသည်။