(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ တတိယကော်မတီ၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ၁-၁၁-၂၀၁၉ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က မိန့်ခွန်းပြောကြား

(၇-၁၁-၂၀၁၉ ရက်၊ နေပြည်တော်)

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယကော်မတီ (လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ) ၏ Agenda Item 67 အောက်တွင် လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာ ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲကို ၁-၁၁-၂၀၁၉ရက်နေ့တွင် ကျင်းပခဲ့ရာ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနှင့် စီးပွားရေးဉီးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးချမ်းအေးက မိန့်ခွန်း ပြောကြားခဲ့ပါသည်။

အဆိုပါမိန့်ခွန်းတွင် လူ့အခွင့်အရေးကောင်စီ၏အစီရင်ခံစာသည် လူ့အခွင့်အရေးကောင်စီ၏ (၄၀)ကြိမ်မြောက်နှင့် (၄၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးများအတွင်း အတည်ပြုခဲ့သည့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်အဆိုများအပေါ် အခြေပြုထားပြီး၊ ယင်းဆုံးဖြတ်ချက်အဆိုများအား အတည်ပြုစဉ်က တူညီဆန္ဒ အပြည့်အဝ မရရှိခဲ့သည့်အပြင် တစ်ဖက်သတ် စွပ်စွဲပြောဆိုချက်များနှင့် သိမ်းကျုံးစွပ်စွဲချက်များအပေါ် အခြေခံထားသည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ရှင်းလင်းပြတ်သားစွာ ပယ်ချထားခဲ့ပြီး ဖြစ်ကြောင်း၊ အလားတူ FFM ၏ နောက်ဆက်တွဲဖြစ်သည့် IIM ယန္တရား တည်ထောင်မှုအပေါ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ လူ့အခွင့်အရေးကို ယင်းနိုင်ငံ၏အစိုးရ ဦးဆောင်သည့် ယန္တရားဖြင့်သာ မြှင့်တင်ရမည် ဖြစ်ကြောင်း၊ HRCနှင့် ၎င်း၏ယန္တရားများသည် နည်းပညာပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာနိုင်ငံတွင်း အဖွဲ့အစည်းများနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ခြင်းတို့အပေါ်တွင်သာ အလေးထားသင့်ကြောင်း၊ ယင်းကိစ္စများအပေါ် ပိုမို ဦးစားပေးကြရန်နှင့် ဆန္ဒအလျောက် ရန်ပုံငွေများကိုလည်း ယင်းအပေါ်တွင်သာ ပိုမိုသုံးစွဲနိုင်ကြပါရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းလိုကြောင်း စသည်ဖြင့် အဓိက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။