(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ပဉ္စမအကြိမ်အစည်းအဝေး၌ နိုင်ငံတကာအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အစီအမံများ ဘာသာရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်က မိန့်ခွန်းပြောကြား

(၁၀-၁၀-၂၀၁၉ ရက်၊ နယူးယောက်မြို့)

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဥပဒေရေးရာကော်မတီ (ဆဋ္ဌမကော်မတီ) ၏ ပဉ္စမအကြိမ် အစည်းအဝေးကို ၉-၁၀-၂၀၁၉ ရက်၊ နံနက် ၁၀၀၀ နာရီအချိန်တွင် ကုလသမဂ္ဂဌာနချုပ်၊ Trusteeship Council အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတကာအကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အစီအမံများ ဘာသာရပ်နှင့်ပတ်သက်၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဝင်ရောက်ဆွေးနွေး ပြောကြားခဲ့ပါသည်။

ထိုသို့ ဆွေးနွေးပြောကြားရာတွင် လက်ရှိ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ကြုံတွေ့နေရသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ ၂၀၁၆ ခုနှစ် နှင့် ၂၀၁၇ ခုနှစ်အတွင်း အာဆာအကြမ်းဖက်အဖွဲ့က မြန်မာလုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်ခဲ့မှုကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ အာဆာအဖွဲ့သည် မြန်မာနိုင်ငံပြင်ပတွင် အခြေချပြီး ဒေသခံမူဆလင်များကို စည်းရုံးခြင်း၊ စစ်ရေးသင်တန်းများ ပို့ချခြင်းတို့ကို အင်တာနက် ဆက်သွယ်မှုများကတစ်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အတူ အကြမ်းဖက်တိုက်ခိုက်မှုများကိုလည်း WhatsApp audio message ကဲ့သို့ အင်တာနက် ဆက်သွယ်မှုများကတစ်ဆင့် စီစဉ်ညွှန်ကြားလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အာဆာအကြမ်းဖက်အဖွဲ့ကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများမှာ လွန်စွာအရေးကြီးကြောင်း၊

အာဆာအကြမ်းဖက်အဖွဲ့သည် နိုင်ငံတကာအကြမ်းဖက်အဖွဲ့များဖြစ်သည့် Al-Qaeda ၊ ISIL နှင့် Tehrik-e-Taliban Pakistan (TTP) တို့၏ ကူညီပံ့ပိုးမှုများ ရရှိနေကြောင်း၊ မကြာသေးမီက နိုင်ငံခြားသား အကြမ်းဖက်သမားများက အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်၍ အာဆာအဖွဲ့အား ပူးပေါင်းကူညီရန် ကြိုးစားခဲ့သည့် သာဓကရှိကြောင်း၊

ISIL နှင့် ဆက်နွှယ်မှုရှိသည့် အာဆာအကြမ်းဖက်သမားများကို မလေးရှားအာဏာပိုင်များက ယခုနှစ် မေလနှင့် ဇူလိုင်လအတွင်း ဖမ်းဆီးရမိခဲ့ခြင်းသည် နိုင်ငံတကာ အကြမ်းဖက်အဖွဲ့များနှင့် အာဆာအဖွဲ့၏ ဆက်နွယ်မှုအပေါ် ငြင်း၍ မရနိုင်သည့် သက်သေဖြစ်ကြောင်း၊

ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ အေးချမ်းရေးနှင့် သဟဇာတဖြစ်ရေးတို့အတွက် အဓိက အဟန့်အတားမှာ အာဆာအဖွဲ့၏ အကြမ်းဖက်အန္တရာယ်ပင် ဖြစ်ကြောင်း၊ အာဆာအကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများကြောင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်သူများ နေရပ်ပြန်ရေးကိုလည်း အတားအဆီး ဖြစ်စေကြောင်း၊ ဂျာမနီနိုင်ငံ DW သတင်းဌာန၏ မကြာသေးမီက ဖော်ထုတ်တင်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် အာဆာအကြမ်းဖက်သမား ၃၅၀၀ ကျော် ခိုအောင်းနေသည်ဟု သိရှိရကြောင်း၊ ယင်းအကြမ်းဖက်သမားများသည် နေရပ်ပြန်ရန် ဆန္ဒထုတ်ဖော် ပြောဆိုသူများ၏ အသက်အန္တရာယ်ကိုပင် ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထိုသို့ ခြိမ်းခြောက်မှုများ ရှိသော်လည်း မိမိအစီအစဉ်ဖြင့် ပြန်လာသူ ၃၀၀ ကျော်ရှိပြီ ဖြစ်ကြောင်း၊

အကြမ်းဖက်သမားများ၊ အစွန်းရောက် စစ်သွေးကြွများကို နိုင်ငံရေးအရဖြစ်စေ၊ သံတမန်ရေးအရဖြစ်စေ၊ စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အားပေးကူညီခြင်းကို မိမိတို့ ရှုတ်ချပါကြောင်း၊ အာဆာအကြမ်းဖက်အဖွဲ့အား စိတ်ပိုင်းဆိုင်ရာ ထောက်ခံမှုပေးခြင်း အပါအဝင် သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်‌စေ ထောက်ခံခြင်းကို ရှောင်ရှားရန် လိုအပ်ကြောင်း၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ အကြမ်းဖက်လှုပ်ရှားမှုကို ထောက်ခံမှုမှန်သမျှ လက်မခံနိုင်ကြောင်း၊ မြန်မာနိုင်ငံသည် နိုင်ငံတကာ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂနှင့် ဒေသတွင်း အဖွဲ့အစည်းများ အပါအဝင် မိတ်ဖက်အားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။