(၇၄)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ အုပ်ချုပ်ရေးနှင့် ဘဏ္ဍာရေးကော်မတီ (ပဉ္စမကော်မတီ)၌ Independent Investigative Mechanism for Myanmar (IIM) နှင့်ပတ်သက်၍ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဒေါ်မွှေးမွှေးခိုင် ပါဝင်ဆွေးနွေးပြောကြား

(၉-၁၀-၂၀၁၉ ရက်၊ နယူးယောက်မြို့)

(၇၄)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ အုပ်ချုပ်ရေးနှင့်ဘဏ္ဍာရေးကော်မတီ (ပဉ္စမကော်မတီ) ၏ ဒုတိယအကြိမ်အစည်းအဝေး၌ ၂၀၂၀ ခုနှစ် ကုလသမဂ္ဂ ပုံမှန်ဘတ်ဂျက်အဆိုပြုချက်တွင် ပါဝင်သော Independent Investigative Mechanism for Myanmar (IIM) နှင့် ပတ်သက်၍ ဒုတိယအမြဲတမ်းကိုယ်စားလှယ် ဒေါ်မွှေးမွှေးခိုင်က ပါဝင်ဆွေးနွေးပြောကြားခဲ့ပါသည်။

အဆိုပါဆွေးနွေးမှုတွင် အောက်ပါအချက်များ အဓိက ထည့်သွင်းပြောကြားခဲ့ပါသည် –

မြန်မာနိုင်ငံနှင့်ပတ်သက်၍ လူ့အခွင့်အရေးကောင်စီ၏ ဘက်လိုက်ပြီး ခွဲခြားဆက်ဆံသည့် ဆုံးဖြတ်ချက်ဖြင့် ပေါ်ထွက်လာသည့် IIM ကို ထူထောင်စဉ်ကတည်းက မြန်မာနိုင်ငံက လက်မခံခဲ့ကြောင်း၊ ယင်းနှင့် ပူးပေါင်းဆောင်ရွက်မည်မဟုတ်ကြောင်းကိုလည်း အတိအလင်း ပြောကြားထားပြီးဖြစ်ကြောင်း၊

IIM သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ငွေကြေးအရင်းအမြစ်အကုန်အကျများပြီး လုပ်ငန်းစဉ်များ အပ်ကြောင်းထပ်လျက်ရှိပြီးဖြစ်သည့် ယန္တရားများသို့ နောက်ထပ် ယန္တရားတစ်ခု တိုးလာခြင်းထက် မပိုကြောင်း၊

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှုသည် အဓိက အရေးပါသည့်အချက်အဖြစ် ပါဝင်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့်ကုလသမဂ္ဂ၏ စောင့်ကြည့်မှုအပေါ် စိုးရိမ်မှုမရှိပါကြောင်း၊ သို့သော်လည်း လူ့အခွင့်အရေးခေါင်းစဉ်အောက်မှ အခြေအမြစ်မဲ့ စွပ်စွဲမှုများဖြင့် နိုင်ငံရေးအရ ဖိအားပေးရန် မမျှမတ ကြိုးပမ်းမှုများကို လက်သင့်မခံနိုင်ကြောင်း၊

နိုင်ငံတကာ အချက်အလက်ရှာဖွေရေးမစ်ရှင်၊ အထူးအစီရင်ခံစာတင်သွင်းသူ စသည်တို့အပါအဝင် မြန်မာနိုင်ငံအပေါ် စောင့်ကြည့်အစီရင်ခံနေသည့် ယန္တရား ၇ ခုထက်မနည်းရှိပြီး၊ ကုလသမဂ္ဂ၏ အချိုးကျ ထည့်ဝင်ကြေးများမှ အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် အကုန်အကျခံခဲ့ပြီး ဖြစ် ကြောင်း၊ ယင်းတို့၏ ရလဒ်မှာ စိတ်ခံစားမှုများအပေါ် အခြေခံထားသည့် တစ်ဖက်သတ် အစီရင်ခံစာများသာ ဖြစ်ကြောင်း၊ ထို့ပြင် အစီရင်ခံရာ၌ ယင်းတို့၏ mandate ကို ကျော်လွန်ပြီး အစီရင်ခံစာပါအကြောင်းအရာများသည်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို ထိပါး ချိုးဖောက်မှုများအထိ ပါဝင်ကြောင်း၊ IIM သည် FFM က စုဆောင်းထားသည့် အတည်မပြု နိုင်သော ဇာတ်ကြောင်းပြန်စကားများကို အတည်ပြုတံဆိပ်ကပ်ပေးမည့် ယန္တရားတစ်ခုသာ ဖြစ်ကြောင်း၊

IIM အတွက် ၂၀၂၀ ခုနှစ်တစ်နှစ်အတွက်ပင် အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် အဆိုပြုထားကြောင်း၊ ၂ နှစ်တာအတွင်းမှာပင် အမေရိကန်ဒေါ်လာ ၂၇ သန်းကျော် ရှိပြီဖြစ်ကြောင်း၊ IIM အတွက် ဘတ်ဂျက်သည် ကုလသမဂ္ဂ၏ ဥပဒေရေးရာ ကဏ္ဍတစ်ခုလုံးအတွက် အဆိုပြုထားသည့် ပမာဏ၏ ၂၆ ရာခိုင်နှုန်းရှိကြောင်း၊ ဝန်ထမ်းအင်အား ၆၂ ဦးရှိပြီး ကုလသမဂ္ဂပုံမှန်ဘတ်ဂျက်မှ ရာနှုန်းပြည့်ကျခံရန် အဆိုပြုထားကြောင်း၊

သမိုင်းနှင့်ချီပြီး ရှုပ်ထွေးသော ပြဿနာတစ်ရပ်ကို ဖြေရှင်းရန်မှာ အခြေအနေမှန်ကို အပြည့်အဝ နားလည်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုရှိရန် လိုအပ်ကြောင်း၊ ဘက်လိုက်မှုမကင်းသည့် ယန္တရားပေါင်းများစွာကို ငွေကြေးအရင်းအမြစ်အကုန်အကျများစွာ ကျခံသုံးစွဲခွင့်ပြုနေရုံဖြင့် ပြဿနာကို ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ဖြုန်းတီးမှုသက်သက်သာဖြစ်ကြောင်း၊ ထိုအသုံးစရိတ်များကို နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆောင်ရွက်ချက်များအတွက် သုံးစွဲခြင်းက ပိုမိုအကျိုးရှိမည် ဖြစ်ကြောင်း၊

သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုမပါဘဲ မည်သည့် ယန္တရားကမျှ ကောင်းမွန်သည့် ရလဒ်ထွက်ပေါ်မည်မဟုတ်ကြောင်း၊

ပြစ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ခံမှုရှိစေရေးကိစ္စကို မြန်မာနိုင်ငံအနေဖြင့် ဆန့်ကျင်ခြင်း မရှိကြောင်း၊ တာဝန်ခံမှုရှိစေရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ကိုယ်တိုင် ဖြေရှင်းဆောင်ရွက်နိုင်စွမ်းရှိကြောင်း၊ ယင်းသို့ဆောင်ရွက်ရန် ဆန္ဒလည်းရှိကြောင်း၊ သို့သော် လူ့အခွင့်အရေးနှင့်ပတ်သက်၍ လိုရာသုံးပြီး ခွဲခြားဆက်ဆံခြင်းများကို လက်မခံသောကြောင့် IIM နှင့် ပူးပေါင်းဆောင်ရွက်မည် မဟုတ်ကြောင်း၊

ဤသို့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအပေါ် ခွဲခြားဆက်ဆံပြီး မျှတမှုမရှိသော ယန္တရားများစွာအပေါ် အချိန် ငွေကြေး အရင်းအမြစ်များစွာ ကုန်ကျခံလျက်ရှိသည့် လုပ်ဆောင်ချက်ကို အဆုံးသတ်နိုင်ရေး အလေးထား ဆောင်ရွက်သင့်ကြောင်း။