(၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက် (၂၅-၆-၂၀၂၆၊ မနီလာ)

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်မှ ၂၄ ရက်အထိ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဟောက်ခန့်ဆုမ်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀-၆-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန်ကော်မရှင် အစည်းအဝေးနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ နှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်ရေးကော်မရှင် ကိုယ်စားလှယ်တို့အကြား တွေ့ဆုံသည့် အစည်းအဝေးများသို့လည်းကောင်း၊ ၂၁-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် (၅၉) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ မျက်နှာစုံညီအစည်းအဝေးနှင့် သီးသန့်အစည်းအဝေးများသို့ လည်းကောင်း တက်ရောက်ခဲ့ပါသည်။
ထို့အပြင် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၂-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ-အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ကနေဒါ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ရုရှား နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ အာဆီယံ-ဩစတြေးလျ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ အာဆီယံ-ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် အာဆီယံ-ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့ တက်ရောက်ခဲ့ ပါသည်။ အာဆီယံ-ရုရှား နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် အမြဲတမ်းအတွင်းဝန်က ရုရှား နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၃-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် အာဆီယံအပေါင်းသုံး နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၊ (၃၃) ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ်နှင့် (၁၆) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးများသို့လည်းကောင်း၊ ၂၄-၇-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် နှစ် (၅၀)ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ဝင်နိုင်ငံများ၏ အဆင့်မြင့်ညီလာခံတို့သို့လည်းကောင်း ပါဝင်တက်ရောက်ခဲ့ ပါသည်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေး၊ (၃၃) ကြိမ်မြောက် အာဆီယံ ဒေသဆိုင်ရာဖိုရမ်နှင့် (၁၆) ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးများတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က နိုင်ငံတော်အစိုးရ၏ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအပါအဝင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အသိပေးရှင်းလင်းပြောကြားခဲ့ပါသည်။