(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလအတွင်း ကျင်းပပြုလုပ်သည့် အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်

(၂၈-၁၀-၂၀၂၅ ရက်၊ ကွာလာလမ်ပူမြို့) 

(၄၇) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ သို့ တက်ရောက်လျက်ရှိသည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၈-၁၀-၂၀၂၅ ရက်တွင် ကျင်းပ ပြုလုပ်သည့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုဒေသ ၃.၀ အဆင့်မြှင့်တင်ခြင်း လက်မှတ်ရေးထိုးပွဲအခမ်းအနား၊ (၂၈) ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေး၊ အာဆီယံ-နယူးဇီလန် မိတ်ဖက် ဆက်ဆံရေး နှစ်(၅၀)ပြည့်အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး၊ အာဆီယံ-နယူးဇီလန် ဂုဏ်ပြု နေ့လယ်စာစားပွဲ၊ (၅) ကြိမ်မြောက် အာဆီယံ-ဩစတြေးလျ ထိပ်သီးအစည်းအဝေးနှင့် (၄၇) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ ပိတ်ပွဲအခမ်းအနားနှင့် ဖိလစ်ပိုင်နိုင်ငံသို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားတို့သို့ မြန်မာကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပါသည်။

မိတ်ဖက်နိုင်ငံများနှင့် ကျင်းပပြုလုပ်သည့် ထိပ်သီးအစည်းအဝေးများ၌ သက်ဆိုင်ရာ လုပ်ငန်းအစီအစဉ်အောက်တွင် ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များကို အဓိက ဆွေးနွေးခဲ့ ကြပြီး အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ဦးဆောင်ဦးရွက်ပြုမှုများဖြင့် ဒေသတွင်းနှင့် ဒေသလွန်ဖွံ့ဖြိုးတိုးတက်မှုများအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြပါသည်။

ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးများ၌ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က အာဆီယံသည် မိတ်ဖက်နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရာတွင် တစ်ပေါင်း တစ်စည်းတည်းသော အာဆီယံ (ASEAN as a whole) အဖြစ်သာ ရပ်တည်ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်းမှ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန် အသင့်ရှိကြောင်းနှင့် မြန်မာနိုင်ငံသည် အာဆီယံ၏ တာဝန်ကျေပွန်သော အဖွဲ့ဝင် နိုင်ငံဖြစ်သည့်နှင့်အညီ အဆက်ဆက်သော အာဆီယံအလှည့်ကျ ဥက္ကဋ္ဌများနှင့် ၎င်းတို့၏ ဦးဆောင်ဦးရွက်ပြုမှုများကို အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့သကဲ့သို့ပင် ဖိလစ်ပိုင်နိုင်ငံ မှ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ထမ်းဆောင်မှုအပေါ် အပြည့်အဝ ထောက်ခံပါကြောင်းနှင့် အာဆီယံအသိုက်အဝန်းထူထောင်ရေး ကြိုးပမ်းမှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း ထားရှိနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားဆွေးနွေးခဲ့ပါသည်။