(၂၆-၅-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ၂၆-၅-၂၀၂၅ ရက်တွင် ကျင်းပခဲ့သည့် (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေး၊ သီးသန့်အစည်းအဝေး၊ အာဆီယံ နိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံအဖွဲ့ဝင်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ ခေါင်းဆောင်များနှင့် အာဆီယံလူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲ၊ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီဝင်များတွေ့ဆုံပွဲ၊ အာဆီယံ ၂၀၄၅ ကွာလာလမ်ပူ ကြေညာ ချက်ကို လက်မှတ်ရေးထိုးသည့်အခမ်းအနားတို့သို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံ့အကြီးအကဲများ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ နိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြပြီး တီမောလက်စ်တေနိုင်ငံ၊ ဝန်ကြီးချုပ်က လေ့လာသူနိုင်ငံ အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ (၄၆) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး(မျက်နှာစုံညီ)တွင် ၂၀၂၅ ခုနှစ် အတွင်း အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ အာဆီယံနိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့ကြပြီးနောက် သီးသန့် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ပါသည်။ အာဆီယံနိုင်ငံ့ခေါင်းဆောင်များနှင့် အာဆီယံပါလီမန်များညီလာခံအဖွဲ့ဝင်များနှင့်တွေ့ဆုံပွဲ တွင် အာဆီယံနိုင်ငံများ၏ လွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ လူငယ်ခေါင်းဆောင်များတွေ့ဆုံပွဲတွင် လူငယ်များ၏ အခန်းကဏ္ဍမြှင့်တင်ရေးနှင့် အာဆီယံစီးပွားရေးအကြံပေးကောင်စီဝင်များနှင့်တွေ့ဆုံပွဲတွင် အရှေ့တောင် အာရှဒေသ စီးပွားရေး တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကတိကဝတ်များ တည်တံ့ရေးအတွက် အရေးပါမှုအပေါ် ဆွေးနွေးပြောကြားခဲ့ကြပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန်သည် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက် ၂၀၄၅ ထုတ်ပြန်ရေး ဆိုင်ရာ ကွာလာလမ်ပူကြေညာစာတမ်း လက်မှတ်ရေးထိုးသည့်အခမ်းအနားသို့ တက်ရောက် လက်မှတ် ရေးထိုးခဲ့ပါသည်။ ယင်းနေ့ ညပိုင်းတွင် အမြဲတမ်းအတွင်းဝန်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကွာလာလမ်ပူ ကွန်ဗန်းရှင်းစင်တာ၌ ကျင်းပသည့် မလေးရှားနိုင်ငံ၊ ဝန်ကြီးချုပ်နှင့် ဇနီးတို့က (၄၆)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်လာသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တီမောလက်စ်တေနိုင်ငံတို့မှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့ အကြီးအကဲများအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



