အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်တွင် ကျင်းပပြုလုပ်သည့် (၃၈) ကြိမ်မြောက် အာဆီယံ-အမေရိကန် အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးကို အာဆီယံ-ကမ္ဘောဒီးယား အဆင့်မြင့်အရာရှိကြီး H.E. KUNG Phoak နှင့် အာဆီယံ-အမေရိကန် အဆင့်မြင့်အရာရှိကြီး H.E. Michael G. DeSombre တို့က ပူးတွဲသဘာပတိများအဖြစ် ကြီးမှူးကျင်းပခဲ့ပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအသိုက်အဝန်း ဒုတိယအတွင်းရေးမှူးချုပ်နှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေး၌ အာဆီယံနှင့် အမေရိကန်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ-အမေရိကန် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အနာဂတ်တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ်ခြင်းအပါအဝင် (၅၉) ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် အာဆီယံ-အမေရိကန် ဝန်ကြီးအဆင့်အစည်းအဝေး၊ (၄၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ကျင်းပမည့် (၁၄) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအဆင့်အစည်းအဝေး ကျင်းပနိုင်ရေး ပြင်ဆင်နေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။


