(၂၉-၅-၂၀၂၃ရက်၊ နေပြည်တော်)
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာဆီယံရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်စိုး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း တွင် ၂၂-၅-၂၀၂၃ ရက်မှ ၂၆-၅-၂၀၂၃ ရက်အထိ ကျင်းပခဲ့သည့် (၃၇) ကြိမ်မြောက် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် အစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ သို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် အင်ဒိုနီးရှားနိုင်ငံမှ AICHR ကိုယ်စားလှယ် H.E. Wahyuningrum က အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်၍ အာဆီယံနိုင်ငံ များမှ AICHR ကိုယ်စားလှယ်များ၊ AICHR ကိုယ်စားပြုပုဂ္ဂိုလ်များ၊ AICHR ကိုယ်စားလှယ်၏ လက်ထောက်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များပါဝင် တက်ရောက် ခဲ့ကြသည်။
အစည်းအဝေးတွင် AICHR (၅) နှစ်တာလုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅) ၏ တိုးတက်မှု များကို ပြန်လည်သုံးသပ်ခဲ့ကြပြီး AICHR ၏ ဦးစားပေးအစီအစဉ်များ/ လုပ်ငန်းစဉ်များ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် လူ့အခွင့်အရေး၊ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှု၊ ပညာရေးဆိုင်ရာ အခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ ကလေးသူငယ်နှင့် အမျိုးသမီးများ၏ အခွင့်အရေး၊ သတင်းအမှားများ၊ အမုန်းစကားနှင့် လူ့အခွင့်အရေး၊ အစွန်းရောက်မှုများနှင့် အကြမ်းဖက်မှုများကို ခံစားရသည့် ဒုက္ခသည်များအား ကာကွယ်ပေးရေးနှင့် နှိပ်စက်ညှင်းပန်းမှုများ ကာကွယ်ဆန့်ကျင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ဒေသတွင်းလူ့အခွင့်အရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ ဖြစ်သည့် လူ့အခွင့်အရေးနှင့်ဆက်စပ်သည့် နိုင်ငံအဆင့် ဥပဒေစည်းမျဉ်းအသစ်များကိစ္စ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများက လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုများကိစ္စတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ AICHR မြန်မာကိုယ်စားလှယ်က အာဆီယံ တူညီဆန္ဒ (၅)ချက် အကောင်အထည်ဖော်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ဒီမို ကရေစီ ဖော်ဆောင်မှုအတွက် ကြိုးပမ်းအားထုတ်မှုများ၊ အကျဉ်းသားများ ပြစ်ဒဏ်လျော့ပေါ့ ပေးမှု၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေး ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ ဆိုင်ကလုန်းမုန်တိုင်း မိုခါအတွက် မြန်မာနိုင်ငံအစိုးရမှ AHA စင်တာ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံ များနှင့် ပေါင်းစပ်ညှိနှိုင်း၍ အရေးပေါ်ကြိုတင်ပြင်ဆင်ချက်များနှင့် တုံ့ပြန်ဆောင်ရွက်ချက် များကို အစည်းအဝေးသို့ အသိပေးခဲ့သည်။
အစည်းအဝေးကာလအတွင်း AICHR ကိုယ်စားလှယ်များသည် သတင်းအချက်အလက် တာဝန်ယူမှုဆိုင်ရာ အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးမှ ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေး၊ သတင်းအချက်အလက်နှင့် လူထုဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် ဦးစားပေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် AICHR ကိုယ်စားလှယ်များသည် အာဆီယံတက္ကသိုလ်များကွန်ယက်- လူ့အခွင့်အရေးဆိုင်ရာ ပညာရေးအစီအစဉ်မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ပြီး အရှေ့တောင်အာရှတွင် အဆင့်မြင့်ပညာရေးကဏ္ဍ၌ လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေးကို မြှင့်တင်ရေးတွင် ပူးပေါင်း ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် AICHR ကိုယ်စားလှယ်များသည် အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများဖိုရမ်နှင့်လည်းကောင်း၊ အမေရိကန်နှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံသည့် အစည်းအဝေးများကို ကျင်းပခဲ့ပြီး အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် AICHR နှင့် အသိအမှတ်ပြု အရပ်ဖက် လူမှုအဖွဲ့အစည်းများအကြား အပြုသဘော ထိတွေ့ ဆောင်ရွက်မှုများကို ထပ်မံမြှင့်တင်နိုင်ရန် AICHR ကိုယ်စားလှယ်များနှင့် AICHR နှင့် ဆွေးနွေး ညှိနှိုင်းမှုဆက်ဆံရေး ထူထောင်ထားသည့် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် (၄)ကြိမ် မြောက် တွေ့ဆုံပွဲကိုလည်း ကျင်းပခဲ့ကြသည်။


