၃၆ ကြိမ်မြောက် ဟောင်ကောင်စာအုပ်ပွဲတော်ကို ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ ၂၁ ရက်အထိ Hong Kong Convention and Exhibition Centre ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါစာအုပ်ပွဲတော်၏ World of Art & Culture ပြခန်းတွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ ပြခန်းပါဝင်ပြသခဲ့ပါသည်။
အဆိုပါစာအုပ်ပွဲတော်၏ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကို ပါဝင်တက်ရောက်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဥက္ကဋ္ဌ Professor Frederick Ma က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး၊ ဟောင်ကောင်ဒေသအစိုးရ၊ Acting Chief Secretary ဖြစ်သူ The Hon. Mr. Cheuk Wing-hing က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော ဧည့်သည်တော်များနှင့်အတူ စာအုပ်ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ပါသည်။ အဆိုပါစာအုပ် ပွဲတော်နှင့်အတူ (၉) ကြိမ်မြောက် Hong Kong Sports and Leisure Expo နှင့် (၆) ကြိမ်မြောက် World of Snacks ပွဲတော်များကိုပါ တစ်ပြိုင်နက်တည်း ပူးတွဲကျင်းပပြုလုပ်ခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံးအနေဖြင့် အဆိုပါဟောင်ကောင်စာအုပ်ပွဲတော်၏ World of Art & Culture ပြခန်းတွင် မြန်မာ့လက်မှုအနုပညာဖြစ်သည့် ယွန်းပညာအကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍအကြောင်း သိကောင်းစရာစာအုပ်များ၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်သည့်စာအုပ်များ၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေနှင့်နည်းဥပဒေစာအုပ်များ၊ မြန်မာနိုင်ငံ စားသုံးသူရေးရာဥပဒေနှင့် နည်းဥပဒေစာအုပ်များ၊ မြန်မာ့ခရီးသွားလုပ်ငန်းမြှင့်တင်ရေး၊ မြန်မာ့ရိုးရာ အစားအစာများနှင့် ပွဲတော်များဆိုင်ရာ လက်ကမ်းစာစောင်များကို ခင်းကျင်းပြသခဲ့ပြီး၊ လက်ကမ်း စာစောင်များကိုလည်း စိတ်ပါဝင်စားသူများအား အခမဲ့ဖြန့်ဝေပေးခဲ့ပါသည်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊
ဟောင်ကောင်မြို့၊
ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်



