ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ (၃၀) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် ကော်မတီ၏အလှည့်ကျဥက္ကဋ္ဌ တာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများအား လက်ရှိဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်သံအမတ်ကြီး H.E. Mr. Eduardo R. Menez က ဦးစီး၍ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်၊ နေ့လယ် (၁၅၀၀) နာရီအချိန်တွင် ဖိလစ်ပိုင်သံအမတ်ကြီး နေအိမ်၌ကျင်းပခဲ့ရာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာ ထွန်းနောင် ပါဝင်တက်ရောက်ခဲ့သည်။ အဆိုပါအစည်းအဝေးနှင့် အခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက် အခြားသောအာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်သံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လုပ်ငန်းအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးအတွင်း အာဆီယံ-ပရာ့ဂ်ကော်မတီ၏ သံရုံးအကြီးအကဲများသည် ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပခဲ့သည့် (၂၉) ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၆ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကော်မတီမှဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုများ အစီရင်ခံစာအား မှတ်တမ်းတင်ခြင်းနှင့် ၂၀၂၆ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် သံရုံးအလိုက် သက်ဆိုင်ရာနိုင်ငံများနှင့် အာဆီယံအတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများ၊ ချက်သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂတို့နှင့် ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့နောက် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ၂၀၂၆ခုနှစ်၊ ဒုတိယနှစ်ဝက်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်အား ဖိလစ်ပိုင်နိုင်ငံ သံအမတ်ကြီးမှ ထိုင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Pichit Boonsud ထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။


