(၃၁-၁-၂၀၂၆၊ စီဘူး)
ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်နေ့မှ (၃၀) ရက်နေ့အထိ ကျင်းပသည့် (၂၉) ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီး များ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့် (၂၅) ကြိမ်မြောက် အာဆီယံအပေါင်း ၃ (တရုတ်၊ ဂျပန်နှင့် ကိုရီးယား) ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ (၅)ကြိမ်မြောက် အာဆီယံ-ရုရှား ခရီးသွားလုပ်ငန်းဝန်ကြီးများ အစည်းအဝေး၊ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ ဖွင့်ပွဲအခမ်းအနားနှင့် ပိတ်ပွဲအခမ်းအနားများနှင့် အာဆီယံခရီးသွားလုပ်ငန်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်း အနားများသို့ မနီလာမြို့၊ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဦးစိုးကိုကို ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများကို “Navigating Our Tourism Future, Together” ဆောင်ပုဒ်ဖြင့် ၂၀၂၆ ခုနှစ် အာဆီယံ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်က ချမှတ်ခဲ့သည့် အာဆီယံခေါင်းဆောင်များ၏ အရည်အသွေးပြည့်ဝသော ခရီးသွားလာရေးဆိုင်ရာ ကြေညာချက်နှင့်အညီ ရေရှည်တည်တံခိုင်မြဲပြီး၊ အားလုံးပါဝင်သည့် အရည် အသွေးမြင့် ခရီးသွားလုပ်ငန်း ပိုမိုမြှင့်တင်ရေး အရေးပါပုံတို့ကို ဆွေးနွေး ခဲ့ကြပါသည်။ အစည်းအဝေးများမှ အာဆီယံခရီးသွားလုပ်ငန်း စီမံကိန်း (၂၀၂၆-၂၀၃၀)၊ အာဆီယံခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေး စီမံကိန်း (၂၀၂၆-၂၀၃၀)၊ အာဆီယံအပေါင်း တရုတ်၊ ဂျပန်၊ ကိုရီးယား ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအစီအစဉ် (၂၀၂၆-၂၀၃၀)၊ အာဆီယံ-ရုရှား ဖက်ဒရေးရှင်း၊ အာဆီယံ-အိန္ဒိယ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀) တို့ကို အတည်ပြုခဲ့ကြပါသည်။
ထို့အပြင်သံရုံးယာယီတာဝန်ခံသည် စီဘူးမြို့၊ Mactan Expo Center တွင် ပြုလုပ်သည့် The ASEAN Travel Exchange (TRAVEX) ပြပွဲသို့လည်း အာဆီယံ ခရီးလုပ်ငန်း ဝန်ကြီးများနှင့်အတူ သွားရောက်ကြည့်ရှုလေ့လာခဲ့ပြီး၊ အဆိုပါပြပွဲ တွင် မြန်မာ့ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် ပါဝင်ပြသလျက် ရှိသော မြန်မာပြခန်းသို့လည်း သွားရောက် အားပေးကြည့်ရှုခဲ့ပါသည်။ ထို့ပြင် အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်း ဆုပေးအပ်ပွဲ အခမ်းအနားသို့လည်း တက်ရောက်ခဲ့ပြီး၊ မြန်မာနိုင်ငံ မှ ဟိုတယ် (၂၄) ခုမှ ကဏ္ဍအသီးသီးအလိုက် ဆုများ ရရှိခဲ့ကြောင်း သိရှိရပါသည်။




