(၂-၂-၂၀၂၆ ရက်၊ ပရာ့ဂ်)
ပရာ့ဂ်မြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံရုံးအကြီးအကဲများဖြင့် ဖွဲ့စည်းထားသည့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ (၂၉)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီအစည်းအဝေးနှင့် ကော်မတီ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများအား လက်ရှိ ဥက္ကဋ္ဌဖြစ်သည့် အင်ဒိုနီးရှားသံအမတ်ကြီး H.E. Mrs. Rina P. Soemarno က ဦးစီး၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့၊ နံနက်(၁၀၀၀)နာရီအချိန်တွင် အင်ဒိုနီးရှားသံရုံး (Wisma Duta)၌ ကျင်းပခဲ့ရာ ချက်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ ဒေါက်တာထွန်းနောင် တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးနှင့် အခမ်းအနားသို့ ပရာ့ဂ်မြို့အခြေစိုက် အခြားသောအာဆီယံအဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ လုပ်ငန်းအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးအတွင်း အာဆီယံ-ပရာ့ဂ် ကော်မတီ၏ သံရုံးအကြီးအကဲများသည် ၂၀၂၅ခုနှစ်၊ ဇူလိုင်လတွင် ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် အာဆီယံ-ပရာ့ဂ်ကော်မတီ အစည်းအဝေးမှတ်တမ်းအား အတည်ပြုခြင်း၊ ၂၀၂၅ခုနှစ်၊ ဒုတိယနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်ခဲ့သည့် ပူးတွဲလှုပ်ရှားမှုများ အစီရင်ခံစာအား မှတ်တမ်းတင်ခြင်းနှင့် ၂၀၂၆ခုနှစ်၊ ပထမနှစ်ဝက်အတွင်း ကော်မတီမှ ဆောင်ရွက်နိုင်မည့် လှုပ်ရှားမှုများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် သံရုံးအလိုက် သက်ဆိုင်ရာနိုင်ငံများနှင့် အာဆီယံအတွင်း နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများ၊ ချက်သမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂတို့နှင့် ဆက်ဆံရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် အာဆီယံ-ပရာ့ဂ်ကော်မတီ၏ ၂၀၂၆ခုနှစ်၊ ပထမနှစ်ဝက်အတွက် အလှည့်ကျဥက္ကဋ္ဌတာဝန်အား အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးမှ ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီး H.E. Mr. Eduardo Martin R. Menez ထံသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနား ပြုလုပ်ခဲ့ကြကြောင်း သိရှိရပါသည်။



