(၂-၃-၂၀၂၆ ရက်၊ ဗန်ကောက်)
၁။ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဇော်စိုးသည် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ ၁၀၃၀ နာရီတွင် တော်ဝင်နာယကအောက်ရှိ ထိုင်းရှေ့နေများကောင်စီ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ၂၈-၃-၂၀၂၅ ရက်နေ့က လှုတ်ခတ်ခဲ့သည့်ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ Chatuchak နယ်မြေ၌ ဆောက်လုပ်ဆဲ အစိုးရစာရင်းစစ်ရုံးအဆောက်အဦ ပြိုကျပျက်စီးမှုဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များအား လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။ အခမ်းအနား၌ ထိုင်းရှေ့နေများကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ထနဖုန်းခုန်းကျန်းက သဘာပတိအဖြစ်ဆောင်ရွက်၍ ထိုင်းနိုင်ငံ၊ တရားရေးဝန်ကြီးဌာန၊ အခွင့်အရေးနှင့် လွတ်လပ်ခွင့် ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ထိုင်းရှေ့နေများကောင်စီမှ ကော်မတီအဖွဲ့ဝင်များ၊ အဆောက်အဦ တည်ဆောက်မှုအား တာဝန်ယူခဲ့သည့် ITD-CREC ဖက်စပ်လုပ်ငန်းစု (Italian-Thai Development PLC -ITD and China Railway No. 10 Engineering Group Co., Ltd. -CREC Joint Venture) မှ တာဝန်ရှိသူများနှင့် ဖြစ်စဉ်အတွင်း သေဆုံးခဲ့သူများ၏ မိသားစုဝင်များ တက်ရောက်ခဲ့ကြပါ သည်။
၂။ အခမ်းအနားတွင် ငလျင်ကြောင့် ဆောက်လုပ်ဆဲအဆောက်အဦပြိုကျပျက်စီးမှု ဖြစ်စဉ်အတွင်း သေဆုံးသူမြန်မာအလုပ်သမား (၁၂)ဦးတို့၏ မိသားစုဝင်များအား ITD-CREC ဖက်စပ် လုပ်ငန်းစုမှ ထောက်ပံ့ငွေ ဘတ် ၁ သန်းစီ ပေးအပ်ခဲ့ပါသည်။ ယခု ကျင်းပပြုလုပ်သည့် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားသည် ဖြစ်စဉ်အတွင်း သေဆုံး/ ဒဏ်ရာရသူများအနက် စတုတ္ထအကြိမ် (နောက်ဆုံးအကြိမ်) စိစစ်အတည်ပြုပြီးသူများအတွက် ထောက်ပံ့ငွေ ပေးအပ် ခြင်းဖြစ်ပြီး၊ ယခင်ကလည်း စိစစ်အတည်ပြုမှု (၃) ကြိမ်အတွင်း ဒဏ်ရာရသူ မြန်မာအလုပ်သမား(၇)ဦးနှင့် သေဆုံးသူ (၁၅)ဦးတို့ကို ITD-CREC ဖက်စပ်လုပ်ငန်းစုမှ ထောက်ပံ့ငွေ ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။
၃။ အခမ်းအနားတွင် မြန်မာသံအမတ်ကြီးမှ ဖြစ်စဉ်အတွင်း အသက်ဆုံးရှုံးခဲ့ကြသူများ၏ မိသားစုဝင်များနှင့် ထပ်တူဝမ်းနည်းကြောင်း ဦးစွာပြောကြားခဲ့ပြီး၊ ငလျင်ကြောင့် အဆောက်အဦ ပြိုကျပျက်စီးမှု ဖြစ်စဉ်အတွင်း မြန်မာအလုပ်သမားအများစု ပါဝင်ကြောင်းသိရှိရသည့်အတွက် ၂၉-၃-၂၀၂၅ ရက် နံနက်ပိုင်းတွင် ဖြစ်စဉ်နေရာသို့ သွားရောက်၍ ထိုင်းနိုင်ငံအာဏာပိုင်များနှင့် တွေ့ဆုံခဲ့ပါကြောင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ မြန်မာသံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့မှ တာဝန်ရှိသူများအနေဖြင့် ထိခိုက်ဒဏ်ရာရရှိသူ မြန်မာလုပ်သားများအား ဆေးရုံတက်ရောက်ကုသနေစဉ် သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားခြင်း၊ ထောက်ပံ့ငွေ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ သေဆုံး/ဒဏ်ရာရသူများ၏ မိသားစုဝင်များမှ ထောက်ပံ့ငွေနှင့် နစ်နာကြေးများရရှိနိုင်ရန် ထိုင်းဘက်ဌာနဆိုင်ရာများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ကျန်ရစ်သူ မိသားစုဝင်များအား ထိုင်းနိုင်ငံအစိုးရမှ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာဖြင့် လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ခွဲခြားမှုမရှိစေဘဲ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ငွေများရရှိစေရန် ဆောင်ရွက်ပေးခဲ့ခြင်းအတွက် ကျေးဇူးတင်ရှိပါ ကြောင်း၊ ယခု ကူညီထောက်ပံ့မှုသည် မိသားစုဝင်များ၏ ဆုံးရှုံးမှုကို ပြန်လည်အစားထိုးနိုင်မည် မဟုတ်သော်လည်း မိသားစုများအတွက် အားပေးနှစ်သိမ့်မှုနှင့်အတူ အတိုင်းအတာတစ်ခုအထိ အထောက်အကူတစ်ရပ် ဖြစ်စေလိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ မြန်မာနှင့် ထိုင်းနှစ်နိုင်ငံအကြား ရှိရင်းစွဲ မိတ်ဖက်ဆက်ဆံရေးနှင့် ခင်မင်ရင်းနှီးမှုကို အခြေခံ၍ မြန်မာသံရုံးအနေဖြင့် ထိုင်းနိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
၄။ ငလျင်ကြောင့် အဆောက်အဦပြိုကျမှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံး သူများအား နစ်နာကြေးပေးအပ်ရန် ထိုင်းရှေ့နေများကောင်စီ၏ သဘောတူညီချက်ဖြင့် ကော်မတီတစ်ရပ်ထူထောင်ခဲ့ပြီး၊ ယင်းကော်မတီ၏ စိစစ်အတည်ပြုချက်အရ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံသားများ နစ်နာကြေးရရှိနိုင်ရန် ဗန်ကောက်မြို့၊ မြန်မာ သံရုံးနှင့် အလုပ်သမားသံအရာရှိရုံးတို့မှ သက်ဆိုင်ရာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ပြီး၊ လက်ရှိအချိန်အထိ (၄)ကြိမ်စိစစ်မှုအတွင်း သေဆုံးသူ မြန်မာအလုပ်သမား (၂၇) ဦးနှင့် ဒဏ်ရာရသူ (၇) ဦး၊ စုစုပေါင်း (၃၄) ဦးတို့အတွက် သေဆုံးသူတစ်ဦးလျှင် ဘတ် ၁ သန်းစီနှင့် ဒဏ်ရာရသူ တစ်ဦးလျှင် ဘတ် ၂ သိန်းစီဖြင့် စုစုပေါင်းထောက်ပံ့ငွေ ဘတ် ၂၈ သန်း ၄ သိန်း ပေးအပ်ထားပြီးဖြစ်ကြောင်း သိရှိရပါသည်။



