(၂၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်(၂၈-၄-၂၀၂၆၊ ဘန်ဒါဆရီဘီဂါဝန်)

ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘီဂါဝန်မြို့၌ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၈ ရက်တွင် ကျင်းပပြုလုပ်သည့် (၂၅) ကြိမ်မြောက် အာဆီယံ-အီးယူ ဝန်ကြီးများအဆင့်အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဉီးဟောက်ခန့်ဆုမ်း ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက် ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အာဆီယံနှင့်ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီး များ၊ ဒုတိယဝန်ကြီးများ၊ အဆင့်မြင့်ကိုယ်စားလှယ်များ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် ဥရောပ ကော်မရှင်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် အာဆီယံ-အီးယူ လုပ်ငန်းအစီအစဉ် (၂၀၂၃-၂၀၂၇) အောက်ရှိ စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုဆိုင်ရာကိစ္စရပ်များ၊ အာဆီယံ-အီးယူအကြား လက်ရှိ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မည့် အလားအလာများနှင့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာကိစ္စရပ်များအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြပါသည်။ အမြဲတမ်း အတွင်းဝန်က အာဆီယံနှင့် အီးယူအကြား ပညာရေး၊ လူသားအရင်းမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ အချင်းချင်း ထိတွေ့ဆက်ဆံရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် အာဆီယံပေါင်းစည်းရေး ဦးဆောင်ဦးရွက်ပြုမှု (IAI) လုပ်ငန်းအစီအစဉ်(၅) အကောင်အထည်ဖော်ရေး စသည်တို့တွင် အာဆီယံနှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့် မြန်မာနိုင်ငံ၏လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။