၂၀၂၆ နွေဦးပွဲတော်အကြို မိတ်ဖက်တွေ့ဆုံပွဲသို့ မြန်မာကောင်စစ်ဝန်ချုပ်တက်ရောက်

(၄-၂-၂၀၂၆၊ ချုံချင့်)

ချုံချင့်ကုန်သည်ကြီးများအသင်းက ကြီးမှူး၍ ချုံချင့်မြူနီစီပယ်မြို့ရှိ InterContinental Chongqing Raffles City ၌ ၄-၂-၂၀၂၆ ရက်တွင် ကျင်းပခဲ့သည့် ၂၀၂၆ နွေဦးပွဲတော်အကြို မိတ်ဖက်တွေ့ဆုံပွဲသို့ ချုံချင့်မြို့၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းမှ တက်ရောက်ကာ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်များ ကိုယ်စားနှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနား၌ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်း၊ ချုံချင့်မြို့ ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ Mr. Zhang Xinghai နှင့် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ အစိုးရ၏ ချုံချင့်ဆက်ဆံရေးရုံး ညွှန်ကြားရေးမှူး Ms. Deng Lixian တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြပါသည်။

ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းက အမှာစကားပြောကြားရာတွင် နွေဦးပွဲတော် သည် အသစ်ပြန်လည်စတင်မှု၊ သဟဇာတဖြစ်မှု၊ စည်းလုံးညီညွတ်မှုနှင့် မျှဝေထားသည့် မျှော် လင့်ချက်များကို ကိုယ်စားပြုသည့် အခါသမယဖြစ်ပြီး၊ မိတ်ဆွေချင်း ဆက်ဆံရေးကို ခိုင်မာစေကာ အပြန်အလှန်နားလည်မှုကို မြှင့်တင်ပြီး ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး အပေါ် ကတိကဝတ်ကို ထပ်လောင်း အတည်ပြုနိုင်သည့် အခွင့်အရေးဖြစ်ကြောင်း၊ ချုံချင့်မြို့ သည် တရုတ်နိုင်ငံ အနောက်ပိုင်းကို အရှေ့တောင်အာရှ၊ တောင်အာရှနှင့် ဆက်သွယ်ပေးသည့် အရေးပါသည့် ကုန်စည်ပို့ဆောင်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဗဟိုအဖြစ် တည်ရှိပြီး Western Land–Sea New Corridor နှင့် the China–Europe Railway Express ကဲ့သို့သော စီမံကိန်းများမှတစ်ဆင့် ဒေသဆိုင်ရာနှင့် နိုင်ငံတကာဆက်သွယ်မှုများကို ခိုင်မာစေလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ သည် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအတွင်းရှိ အရေးပါသော မိတ်ဖက်နိုင်ငံဖြစ်ပြီး၊ ချုံချင့်မြို့ သည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ထောက်ပံ့ရေးကွင်းဆင်း ပူးပေါင်းဆောင်ရွက်မှုများတွင် အထောက်အကူပြုလျက်ရှိကြောင်း၊ Western Land–Sea New Corridor မှတစ်ဆင့် မြန်မာ့ထွက်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်မှုကို လွယ်ကူစေလျက်ရှိကြောင်း၊ နောင်အနာဂတ်တွင် ဖွံ့ဖြိုးရေးမဟာဗျူဟာများ၏ ကိုက်ညီမှု၊ စီးပွားရေးအသိုက်အဝိုင်းများအကြား ဆက်သွယ်ရေး တိုးမြှင့်မှုနှင့် ဒေသဆိုင်ရာ စီးပွားရေးလမ်းကြောင်းများကို ထိရောက်စွာ အသုံးချခြင်းတို့မှတစ်ဆင့် မြန်မာ-ချုံချင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာမည်ဟု ယုံကြည်သည်ဟု ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ ချုံချင့်မြူနီစီပယ်အစိုးရ တာဝန်ရှိသူများ၊ ချုံချင့်မြို့ အခြေစိုက် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ ချုံချင့်မြို့နှင့် ဟောင်ကောင်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။