မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းသည် ချုံချင့်မြူနီစီပယ်နိုင်ငံခြားရေးဌာန၏ ဖိတ်ကြားမှုဖြင့် ၂၉-၈-၂၀၂၆ ရက်တွင် ချုံချင့်မြူနီစီပယ်မြို့၊ ဝူရှီကောင်တီ၌ ကျင်းပပြုလုပ်သည့် ၂၀၂၆ ခုနှစ် ချုံချင့်မြူနီစီပယ်နိုင်ငံခြားရေးဌာန၊ ကောင်စစ်ဌာန၏ ဗီဇာလုပ်ငန်းဆိုင်ရာဆွေးနွေးပွဲနှင့် ဝူရှီနှင့်ချန်းခို ကောင်တီ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အဆိုပါ အခမ်းအနားတွင် ဝူရှီကောင်တီ ဒုတိယမြို့တော်ဝန် မစ္စတာ လီဟွေ့ရှဲ (Mr. Li Huixue)၊ ချုံချင့်မြူနီစီပယ်နိုင်ငံခြားရေးဌာန၊ Second-level Inspector မစ္စ ဖန်ချင်း (Mrs. Fan Qing)၊ ချုံချင့်မြူနီစီပယ် ယဉ်ကျေးမှုနှင့်ခရီးသွားလာရေးဖွံ့ဖြိုးမှုကော်မရှင် Second-level Inspector မစ္စတာ ဝမ်ဟောင် (Mr. Wang Hao)၊ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် စပိန်ကောင်စစ်ဝန်ချုပ် Mr. Candido Creis Estrada တို့မှ အဖွင့်အမှာစကားနှင့် ဗီဇာလုပ်ငန်းဆိုင်ရာနှင့် ဝူရှီနှင့်ချန်းခို ကောင်တီ၏ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးဆိုင်ရာ ဆွေးနွေးအကြံပြုချက်များအား အသီးသီးပြောကြားခဲ့ကြပါသည်။
အဆိုပါအခမ်းအနားကို ချုံချင့်မြို့၏ ယဉ်ကျေးမှုနှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုနားလည်သဘောပေါက်စေရန်၊ တရုတ်နိုင်ငံနှင့် နိုင်ငံတကာအကြား ဗီဇာဆိုင်ရာကိစ္စရပ်များတွင် ဆက်သွယ်ဆောင်ရွက်မှုကို စဉ်ဆက်မပြတ်တိုးမြှင့်ရန်၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်၊ ချုံချင့်မြို့နှင့် ချန်ဒူးမြို့တို့ရှိ နိုင်ငံခြားသံတမန်များအား ဝူရှီနှင့်ချန်းခို ကောင်တီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခရီးသွားလုပ်ငန်း (Eco-tourism) ဖွံ့ဖြိုးတိုးတက်မှုကို လေ့လာကြည့်ရှုနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရပါသည်။
**********


