၂၀၂၆ ခုနှစ် ကွမ်ရှီး ပိုးလမ်းမ E-Commerce စွမ်းဆောင်ရည်မြှင့်တင်ရေး အခမ်းအနားသို့ မြန်မာကောင်စစ်ဝန်ချုပ် တက်ရောက်ခဲ့ခြင်း

(၃-၄-၂၀၂၆, နန်နင်း)

နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း သည်   ကွမ်ရှီးအပြည်ပြည်ဆိုင်ရာစီးပွားရေး အသက်မွေးဝမ်းကျောင်းကောလိပ်တွင်  ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၏ စီးပွားရေးရာဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊  လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဦးစီးဌာနတို့မှ ပူးပေါင်းကျင်းပသော “၂၀၂၆ ခုနှစ် ကွမ်ရှီး ပိုးလမ်းမ E-Commerce စွမ်းဆောင်ရည်မြှင့်တင်ရေး အခမ်းအနား” သို့ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

ကောင်စစ်ဝန်ချုပ်က မိန့်ခွန်းပြောကြားရာတွင် တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ ဗားရှင်း ၃.၀ သည် အခွန်အခများကို လျှော့ချပေးပြီး ဒစ်ဂျစ်တယ် ကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်ကာ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ နှင့် အထူးစားသောက်ကုန်များကို ထင်ရှားသော E-Commerce ပလက်ဖောင်းများမှတစ်ဆင့် တရုတ်စားသုံးသူများထံသို့ ပိုမိုထိရောက်စွာ တင်ပို့နိုင်မည်ဖြစ်ပါကြောင်း၊ ပို့ဆောင်ရေးလုပ်ငန်းကြီးများနှင့် ဒစ်ဂျစ်တယ် ငွေပေးချေမှုစနစ်များ ပိုမိုပေါင်းစပ်လာမည် ဖြစ်ပြီး ဆိုက်ဘာလုံခြုံရေးနှင့် နယ်စပ်ဖြတ်ကျော် ဒေတာစီးဆင်းမှုစသည့် အဆင့်မြင့် စည်းမျဉ်းမူဘောင်များကို ပူးပေါင်းချမှတ်သွားရန် မျှော်လင့်ပါကြောင်း၊ ယခုအခမ်းအနား သည် တရုတ်-အာဆီယံ ဆွေးနွေးမှုစင်မြင့်ကို တည်ဆောက်ပေးပြီး အာဆီယံကျောင်းသား လူငယ်များအတွက် ဘာသာစကားမျိုးစုံဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု သင်တန်းများပေးခြင်းဖြင့် လက်တွေ့ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းသားလူငယ်များသည် အနာဂတ်၏ ဒစ်ဂျစ်တယ်သံတမန်များဖြစ်ကြပြီး ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများကို အသုံးချ၍ ပိုမိုချိတ်ဆက်မှုရှိကာ သာယာဝပြောသော ဒေသတွင်းစီးပွားရေးကို အတူတကွတည်ဆောက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ကောလိပ်တာဝန်ရှိသူများက ဤကောလိပ်တွင်ပညာသင်ကြားနေသော အာဆီယံနိုင်ငံများမှ ကျောင်းသားကျောင်းသူများအတွက် လက်တွေ့ကျသော တိုက်ရိုက်ထုတ်လွှင့်မှုဆိုင်ရာ သင်ကြားနေမှုများ၊ ဉာဏ်ရည်တု(AI)နည်းပညာဖြင့် ထုတ်ကုန်ကြော်ငြာဗီဒီယို ဖန်တီးနေမှုများကို လိုက်လံရှင်းလင်း ပြသခဲ့ပါသည်။ ယင်းအခမ်းအနားသို့ ကွမ်ရှီးဒေသ စီးပွားရေးဦးစီးဌာန၏  ဒုတိယညွှန်ကြားရေး မှူးချုပ် Mrs. Zhu Yan Ling ၊ ပညာရေးဦးစီးဌာန၊  လူ့စွမ်းအားအရင်းအမြစ်နှင့် လူမှုဖူလုံရေးဦးစီးဌာနတို့မှ ဌာနဆိုင်ရာအရာရှိများ၊ နန်နင်းမြို့ အခြေစိုက် အာဆီယံနိုင်ငံများမှ ကောင်စစ်ဝန်ချုပ်များနှင့်သံတမန်များ၊ ကောလိပ်အကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် အာဆီယံနိုင်ငံများမှ ကျောင်းသားကျောင်းသူများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။