တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၊ မကာအိုကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ (Commerce and Investment Promotion Institute Macao SAR-IPIM) နှင့် ကွမ်တုံးပြည်နယ်၊ ကူးသန်းရောင်းဝယ်ရေးဌာနတို့မှကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ ကွမ်တုံးနှင့် မကာအိုဒေသ ကုန်အမှတ်တံဆိပ်ထုတ်ကုန်ပြပွဲ (Guangdong and Macao Branded Products Fair 2026 – GMBPF) ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်တွင် မကာအိုမြို့ရှိ Venetian Macao, Cotai Expo ၌ ကျင်းပခဲ့ရာ မြန်မာကောင်စစ်ဝန်ချုပ် ဒေါ်ဖူးပွင့်ကိုကို တက်ရောက်ခဲ့ပါသည်။
ဖွင့်ပွဲအခမ်းအနားကို မကာအိုအထူးအုပ်ချုပ်ရေးဒေသအစိုးရ၏ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး Ms. Ng Wai Han၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဗဟိုအစိုးရ၏ မကာအိုဆက်သွယ်ရေးရုံးမှ စီးပွားရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Yang Quanzhou၊ မကာအိုကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအဖွဲ့ (Commerce and Investment Promotion Institute Macao SAR-IPIM) ဥက္ကဋ္ဌ Mr. Che Weng Keong၊ ကွမ်တုံးပြည်နယ် စီးပွားရေးဌာန၏ ကိုယ်စားလှယ်နှင့် နိုင်ငံခြားကုန်သွယ်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး Mr. Zhang Yang တို့ကဦးဆောင်၍ ဟောင်ကောင်အခြေစိုက် မကာအိုဒေသဆိုင်ရာ မြန်မာ၊ ပါကစ္စတန်၊ စင်ကာပူ ကောင်စစ်ဝန်ချုပ်များ၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များနှင့် အခြားသောဧည့်သည်တော်များနှင့်အတူ ဖွင့်လှစ်ခဲ့ကြပါသည်။
အဆိုပါထုတ်ကုန်ပြပွဲကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်မှ ၉ ရက်အထိ ကျင်းပခဲ့ပြီး ကုန်ပစ္စည်းများကို ဇုန် (၆) ခုခွဲ၍ ပြသရောင်းချခဲ့ရာ ရပ်ဝန်းနှင့်ပိုးလမ်းမကုန်ပစ္စည်းဇုန်၏ မြန်မာပြခန်းဧရိယာရှိ ပြခန်းပေါင်း ၂၀ တွင် မြန်မာနိုင်ငံမှ ကုမ္ပဏီ ၅ ခုသည် ကျောက်စိမ်း၊ ကျောက်မျက်ရတနာနှင့် အဖိုးတန်လက်ဝတ်ရတနာများ၊ ယွန်းထည်ပစ္စည်းများနှင့် အဝတ်အထည်များကို ခင်းကျင်းပြသရောင်းချခဲ့ကြပြီး ကျန်ရှိသော ပြခန်းများတွင် မကာအိုဒေသရှိ တရုတ်-မြန်မာ လုပ်ငန်းရှင်များမှ အစားအသောက်များနှင့် လက်ဝတ်ရတနာများကို ပြသရောင်းချခဲ့ကြပါသည်။




