၂၀၂၆ ခုနှစ်အတွက် အာဆီယံဆု (ASEAN Prize 2026) လျှောက်ထားနိုင်ကြောင်း အသိပေး ကြေညာခြင်း

(၆-၃-၂၀၂၆၊ နေပြည်တော်)

အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓာတ်နှင့် အောက်ဖော်ပြပါ သတ်မှတ်ထားသည့်နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကို မြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/ အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ၂၀၂၆ ခုနှစ် အာဆီယံဆုကို ပေးအပ်ချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-

(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊

( ခ ) အာဆီယံနှင့် ကမ္ဘာတစ်ဝန်းအကြား ပူးပေါင်းဆောင်ရွက်မှုများ၊

( ဂ ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ၊

(ဃ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ၊

( င ) အာဆီယံအသိုက်အဝန်း တည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ၊

အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့ကို လက်ရှိအာဆီယံအတွင်းရေးမှူး ချုပ်နှင့် အာဆီယံအတွင်းရေးမှူးချုပ်ဟောင်းများအပါအဝင် ထင်ရှားသော အဆင့်မြင့်ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းထားပြီး ဆုရရှိသူအား အာဆီယံဆုဖလားနှင့် အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။

အဆိုပါဆုအား လျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား၊ သို့မဟုတ် အဖွဲ့အစည်းဖြစ်ရမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းကို အခြေခံပြီး ပြည်သူကို ဦးတည်၍ ပြည်သူကို ဗဟိုပြုသည့် အာဆီယံအသိုက်အဝန်း ထူထောင်ခြင်းနှင့် အာဆီယံ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများနှင့် အာဆီယံနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကို အင်္ဂလိပ်ဘာသာဖြင့် လျှောက်လွှာတွင် အကျဉ်းချုပ်ရေးသားဖော်ပြရမည် ဖြစ်ပါသည်။

အကျဉ်းချုပ်တွင် ပါရှိရမည့်အချက်အလက်များကို လျှောက်လွှာပုံစံတွင် ဖော်ပြပါရှိပါ ကြောင်းနှင့် လျှောက်လွှာပုံစံကို အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာ https:// asean.org/nomination-form/ တွင်ရယူ၍ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၉)၊ နေပြည်တော်သို့ ၂၅-၅-၂၀၂၆ ရက်နေ့ နောက်ဆုံးထား၍ Soft copy နှင့်အတူ ပူးတွဲပေးပို့လျှောက်ထားနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အသေးစိတ်အချက် အလက်များကိုလည်း ဖော်ပြပါအာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ အင်တာနက်စာမျက်နှာတွင် လေ့လာကြည့်ရှုနိုင်ပါကြောင်း အသိပေးအပ်ပါသည်။