၂၀၂၅ ခုနှစ်၊ EPS ညီလာခံ (2025 EPS Conference) သို့ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး တက်ရောက်ဆွေးနွေးပြောကြား (၆-၈-၂၀၂၅ ရက်)

(၆-၈-၂၀၂၅ ရက်၊ ဆိုးလ်)

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့၊ The Shilla Hotel ၌ ကျင်းပပြုလုပ်သည့် 2025 EPS Conference သို့ ကိုရီးယားနိုင်ငံသို့ လုပ်သားစေလွှတ်လျက်ရှိသည့် EPS အဖွဲ့ဝင်နိုင်ငံ (၁၇) နိုင်ငံမှ သံအမတ်ကြီးနှင့်အတူ တက်ရောက်၍ ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါညီလာခံသို့ ကိုရီးယားအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Kim Young Hoon၊ Human Resources Development Service of Korea ၏ ဥက္ကဋ္ဌ Mr. Lee Woo Young ဦးဆောင်သော တာဝန်ရှိသူများ၊ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားစေလွှတ်သည့် (၁၇) နိုင်ငံမှ သံအမတ်ကြီးများ၊ အလုပ်သမားသံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။ ကိုရီးယားသမ္မတနိုင်ငံ၊ Human Resources Development of Korea ဥက္ကဋ္ဌ Mr. Lee Woo Young က အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် ယခုကဲ့သို့ EPS စနစ်အား အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်မှာ စေလွှတ်သည့်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုများကြောင့် ဖြစ်ပါကြောင်း၊ နောင်လာမည့်နှစ်များတွင်လည်း လုပ်သားစေလွှတ်သည့် နိုင်ငံများနှင့်အတူ ပူးပေါင်း၍ ပိုမိုကောင်းမွန်သော ဆောင်ရွက်မှုများဖြင့် EPS စနစ်အား ဆက်လက် အကောင်အထည်ဖော်ဆောင်လိုပါကြောင်းနှင့် လက်ရှိဆောင်ရွက်နေသည့် EPS စနစ်နှင့်စပ်လျဉ်း၍ စေလွှတ်နိုင်ငံများမှ ကိုယ်စားပြုသံရုံးများ၊ သက်ဆိုင်ရာနိုင်ငံအလိုက် လုပ်သားစေလွှတ်လျက်ရှိသည့် အေဂျင်စီများ ပိုမိုနားလည်အကျွမ်းဝင်မှုရှိစေရန် ရည်ရွှယ်ပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ကိုရီးယားအလုပ်အကိုင်နှင့် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Mr. Kim Young Hoon က အမှာစကားပြောကြားရာတွင် မိမိတို့နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် နိုင်ငံခြားလုပ်သားများ၏ အခန်းကဏ္ဍသည် များစွာအရေးပါပါကြောင်း၊ နိုင်ငံခြားသားလုပ်သားများအား လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး၊ အေးချမ်းစွာလုပ်ကိုင်နိုင်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူညီမျှ အကျိုးခံစားခွင့်များရရှိနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ မြန်မာသံအမတ်ကြီးကလည်း မြန်မာလုပ်သားများ၏ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေးခြင်းနှင့် ကြပ်မတ်စစ်ဆေးခြင်းများကို ပိုမိုဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံ၌ သက်ဆိုင်ရာအကြိမ်များအလိုက် EPS-Topik စာမေးပွဲဖြေဆိုအောင်မြင်ထားသည့် လုပ်သားသစ်/ဟောင်းများကို ပိုမိုခေါ်ယူပေးနိုင်ရေး၊ အလုပ်လျှောက်လွှာတင်သွင်းပြီး တန်းစီဇယားတွင် ပါဝင်သူများအား တန်းစီဇယားသက်တမ်း (၂)နှစ်ကာလအတွင်း အလုပ်ရှင်နှင့် မိတ်ဆက်ပေးနိုင်ရန်နှင့် အောင်မြင်ထားသည့် လုပ်သားများအနေဖြင့် တန်းတူညီမျှ အလုပ်အကိုင်အခွင့်အလမ်းများရရှိနိုင်ရေး ဆောင်ရွက်ပေးစေလိုပါကြောင်းကို ထည့်သွင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။