(၁-၅-၂၀၂၅ ရက်၊ တိုကျို)
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ် အတွက် ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆိုင်ရာ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်အပ်နှင်းခဲ့ သည့် Mr. Imaizumi Seijii အား ဘွဲ့တံဆိပ်ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ၁-၅-၂၀၂၅ ရက် (ကြာသပတေးနေ့) တွင် ဂျပန်နိုင်ငံ၊ ဆိုက်တမပြည်နယ်ရှိ Mr. Imaizumi Seijii ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ သံအမတ်ကြီး ဦးစိုးဟန်နှင့်ဇနီး၊ မြန်မာသံရုံးမှ တာဝန်ရှိသူများနှင့် Mr. Imaizumi Seijii ၏ မိသားစုဝင်များ ပါဝင်တက်ရောက်ခဲ့ပါသည်။
ပထမဦးစွာ သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ဆိုင်ရာ လူမှုထူးချွန်တံဆိပ် (ပထမဆင့်) ချီးမြှင့်အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပပုဂ္ဂိုလ်ဘွဲ့တံဆိပ်ရ Mr. Imaizumi Seijii အား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ဝမ်းမြောက်ဂုဏ်ပြုစကား ပြောကြားခဲ့ပါသည်။
ထို့နောက် သံအမတ်ကြီး ဦးစိုးဟန်မှ ၂၀၂၄ ခုနှစ်၊ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ချီးမြှင့် အပ်နှင်းခံရသည့် ဂျပန်နိုင်ငံမှ ပြည်ပပုဂ္ဂိုလ်ဘွဲ့တံဆိပ်ရ Mr. Imaizumi Seijii အား လူမှုထူးချွန် တံဆိပ် (ပထမဆင့်) အား ချီးမြှင့်အပ်နှင်းခဲ့ပါသည်။
ဆက်လက်၍ Mr. Imaizumi Seijii မှ ဂုဏ်ထူးဆောင် ဘွဲ့တံဆိပ်ချီးမြှင့်ခံရခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူစကားပြောကြားခဲ့ပါသည်။
အသက် (၁၀၂) နှစ်ပြည့်မြောက်တော့မည့် Mr. Imaizumi Seijii သည် ၁၉၄၄ ခုနှစ်၊ အင်ဖာစစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ဂျပန်စစ်သည်တော်တစ်ဦးဖြစ်ပြီး၊ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာနိုင်ငံသားများ၏ ကူညီစောင့်ရှောက်ခဲ့မှုများကို အမြဲအမှတ်ရစေရန်အတွက် ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် Imaizumi Memorial Myanmar Scholarship Foundation (အိမအိဇူမီ မြန်မာ ပညာသင်ဆု) ကို တည်ထောင်ခဲ့ပြီး အဆိုပါပညာသင်ဆုအား ၂၀၀၈ ခုနှစ်အထိပေးအပ်ခဲ့ရာ နှစ်ပေါင်း (၂၀) အတွင်း မြန်မာနိုင်ငံသား ပါရဂူဘွဲ့ရ (၂၀) ဦးအပါအဝင် အဆင့်မြင့်ဘွဲ့ရရှိသူ စုစုပေါင်း ပညာသင် (၁၇၈) ဦးအား မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ အလားတူ မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ်ခံဒေသများတွင် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများ၊ ပြန်လည်ထူထောင် ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် Mr. Imaizumi Seijii သည် မြန်မာ-ဂျပန် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ခဲ့သူတစ်ဦးဖြစ်သလို လူမှုအကျိုးပြုလုပ်ငန်း များကို စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့က Mr. Imaizumi Seijii အား လူမှု ထူးချွန်တံဆိပ် (ပထမဆင့်) အား ချီးမြှင့်ခဲ့ပါသည်။

