၂၀၂၀ ပြည့်နှစ် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲနှင့် နေပြည်တော်အတွင်း ဒေသန္တရဗဟုသုတ ရရှိစေရန် လေ့လာရေးခရီးစဉ်တို့ ပြုလုပ်

(၇-၁-၂၀၂၀ ရက်၊ နေပြည်တော်)

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် DIGAY (Diplomatic and International Golfers’ Affiliation of Yangon) တို့မှ ကြီးမှူး၍ MOFA & DIGAY Friendship Golf Game ပြိုင်ပွဲအား ၅-၁-၂၀၂၀ ရက်တွင် မြို့တော်ဂေါက်ကွင်း (နေပြည်တော်) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ပြိုင်ပွဲသို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံအခြေစိုက် သံတမန်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များ၊ DIGAY အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၀၁ ဦး ပါဝင်ဆင်နွှဲခဲ့ပါသည်။

အဆိုပါ ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မပါဝင်သည့် သံအမတ်ကြီးများ၊ သံတမန်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်များနှင့် ၎င်းတို့၏ ဇနီး/ ခင်ပွန်းများ စုစုပေါင်း ၃၅ ဦး ပါဝင်သည့် အဖွဲ့အား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဇနီး ဒေါ်လွင်လွင်မှန် ဦးဆောင်၍ ငလိုက်ဆည်နှင့် ငလိုက်စခန်းသာ ဆင်စခန်းသို့ ဒေသန္တရဗဟုသုတ ရရှိစေရန်အတွက် လေ့လာရေး သွားရောက်ခဲ့ပါသည်။ လေ့လာရေးခရီးစဉ်အတွင်း DIGAY မှ အမေရိကန်ဒေါ်လာ ၃,၀၀၀ အား မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးသူငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းသို့ လှူဒါန်းခဲ့ရာ အသင်းဥက္ကဋ္ဌမှ လက်ခံရယူခဲ့ပါသည်။

ထိုနေ့ နေ့လယ်ပိုင်းတွင် MOFA & DIGAY Friendship Golf Game ဆုပေးပွဲ အခမ်းအနားနှင့် နေ့လယ်စာစားပွဲ အခမ်းအနားအား နေပြည်တော်ရှိ Park Royal ဟိုတယ်တွင် ကျင်းပခဲ့ရာ ဧည့်သည်တော် စုစုပေါင်း ၁၄၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။