၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ကိစ္စများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ညှိနှိုင်းအစည်းဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ခြင်း

(၂၉-၇-၂၀၂၀ ရက်၊ နေပြည်တော်)

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာ အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးများတွင် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲ ပေးနိုင်ရေးကိစ္စများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့၏ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၂၉-၇-၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) မွန်းလွဲ (၁၃၃၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ရွေးကောက်ပွဲဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ ရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးကိစ္စများနှင့်စပ်လျဉ်း၍ မဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့် မဆုံးရှုံးရေးအတွက် မဲဆန္ဒရှင်များ ပုံစံ (၁၅) အား ၅-၈-၂၀၂၀ ရက်နေ့မတိုင်မီ ဖြည့်စွက်ပေးပို့ကြရန် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ နှိုးဆော်သွားရေးကိစ္စရပ်များ၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများမှ စိစစ်ပြီးသည့် ပုံစံ (၁၅) များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အချိန်မီ ပြန်လည်ပေးပို့နိုင်ရေးအတွက် ဆောင်ရွက်သွားရမည့် ကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲလက်မှတ်များ မြန်မာသံရုံးများသို့ ပေးပို့ခြင်းနှင့် လျှို့ဝှက်ဆန္ဒပြုပြီး မဲလက်မှတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများအလိုက် အသေးစိတ်လုပ်ငန်းစီမံချက်များ ရေးဆွဲပေးပို့ရေး၊ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် မဲရုံများ ဖွင့်လှစ်ခြင်းနှင့် နိုင်ငံပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ သက်ဆိုင်ရာနိုင်ငံများမှ ချမှတ်ထားသည့် COVID-19 ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ ဟန်ချက်ညီစွာ ဆောင်ရွက်သွားနိုင်ရေးတို့အပေါ် လမ်းညွှန်မှာကြားခဲ့ပါသည်။ ထို့နောက် အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်နှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များက နိုင်ငံ ပြင်ပရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးနှင့် ဝန်ထမ်းများ ပြည်တွင်း၌ ဆန္ဒမဲပေးရမည့် အစီအစဉ်များ ရှင်းလင်းပြောကြားရေးကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာ ပြည်တွင်း/ပြည်ပ လေ့လာသူများ (Election Observers) လာရောက်မည့်ကိစ္စ၊ နိုင်ငံခြားသံရုံး/ အဖွဲ့အစည်းများမှ ရွေးကောက်ပွဲလေ့လာရန် အဆိုပြုမှုကိစ္စရပ်များ စသည်တို့နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြပါသည်။

ထို့နောက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ယခုကာလမှာ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာလေကြောင်းများ ရပ်နားထားသည့် ကာလဖြစ်သဖြင့် ပုံစံ (၁၅) များ၊ ဆန္ဒမဲပြားများနှင့် ဆန္ဒပြုပြီး မဲလက်မှတ်များအား လုံခြုံစွာနှင့် အချိန်မီပေးပို့ရေးအတွက် ကယ်ဆယ်ရေးလေယာဉ်များ၊ အထူးလေယာဉ်များနှင့် အချိန်မီ ချိတ်ဆက်ပေးပို့ရေး အစီအမံများ ပြုစုတင်ပြရန်၊ ၂၀၁၅ ခုနှစ်က ရွေးကောက်ပွဲအတွေ့အကြုံကို အခြေခံ၍ လွဲမှား/ လစ်ဟာမှုများ မရှိစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးမှု လုပ်ငန်းလမ်းညွှန်များကို မြန်မာသံအမတ်ကြီးများနှင့် ဗီဒီယိုကွန်ဖရင့်ပြုလုပ်၍ ရှင်းလင်းပြောကြားကြရန်၊ သံရုံးစိုက်ရာ အိမ်ရှင်နိုင်ငံ၏ ခွင့်ပြုချက်ရရှိပါက မဲရုံများ တိုးချဲ့ဖွင့်လှစ်ရေး ညှိနှိုင်းဆောင်ရွက်ကြရန်၊ ရွေးကောက်ပွဲအား လေ့လာလိုသည့် နိုင်ငံခြားသံရုံးများ၊ ပြည်ပမှ လေ့လာသူများအား ကူညီပံ့ပိုးရေးကိစ္စများ ညှိနှိုင်းဆောင်ရွက် ကြရန် နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကာ ၂၀၂၀ ပြည့်နှစ် အထွေေေထွရွေးကောက်ပွဲဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို (၁၆၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။