(၁-၁၁-၂၀၂၅ ရက်၊ ကွာလာလမ်ပူ)
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ၌ ၃၁-၁၀-၂၀၂၅ ရက်မှ ၁-၁၁-၂၀၂၅ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် (၁၉)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်း အဝေး၊ (၁၂)ကြိမ်မြောက် အာဆီယံ အပေါင်း ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ ကွာလာ လမ်ပူမြို့၊ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါအစည်းအဝေးများအား မလေးရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Datuk Seri Mohamed Khaled Nordin က အစည်းအဝေး သဘာပတိအဖြစ် ပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေး များသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများ၊ အာဆီယံအပေါင်းနိုင်ငံများ ဖြစ် သည့် ဩစတြေးလျ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုးရီးယား၊ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများ၊ ဌာနဆိုင်ရာ အရာရှိကြီးများ၊ အရာထမ်းများနှင့် အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာကောင်ကင်ဟွန်း နှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။
ယင်းအစည်းအဝေးများကို “လုံခြုံရေးနှင့် ကြွယ်ဝချမ်းသာရေးအတွက် အာဆီယံ စည်းလုံးညီညွတ်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးများ၌ ဒေသတွင်း လုံခြုံရေးအတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ကာကွယ်ရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာတောင့်တင်းရေးနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများ ရှေ့ဆက်လက် လုပ်ဆောင်ရေး တို့အတွက် လုပ်ငန်းစဉ်များ ချမှတ် ဆောင်ရွက်ရေးကိစ္စများနှင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

