(၁၆) ကြိမ်မြောက် International Travel Expo Ho Chi Minh City 2022 တွင် မြန်မာကိုယ်စားပြုပြခန်း ပါဝင်ပြသ(၈-၉-၂၀၂၂ ရက်)

(၈-၉-၂၀၂၂ ရက်၊ ဟိုချီမင်း)

ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့၊ ပြည်သူ့ကော်မတီနှင့် ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနတို့၏ စီစဉ်မှုအရ (၁၆)ကြိမ်မြောက် International Travel Expo Ho Chi Minh City အား ၈-၉-၂၀၂၂ ရက်နေ့မှ ၁၀-၉-၂၀၂၂ ရက်နေ့အတွင်း “Growing Forward Together” ခေါင်းစဉ်ဖြင့် Saigon Exhibition & Convention Centre (SECC) တွင် ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲတွင် နိုင်ငံပေါင်း (၂၅) နိုင်ငံမှ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဆိုင်ရာ ပြခန်းပေါင်း (၂၆၀) ခု ပါဝင်ပြသခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် မြန်မာသံရုံး၊ ဟနွိုင်းမြို့မှ ကြီးကြပ်၍ မြန်မာနိုင်ငံကိုယ်စားပြု ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဆိုင်ရာ ပြခန်းတစ်ခန်း ပါဝင်ပြသခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပါအဝင် နိုင်ငံတကာမှ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးများနှင့် ဌာနဆိုင်ရာအဆင့်မြင့်အရာရှိကြီးများ၊ မြန်မာသံအမတ်ကြီး ဦးကျော်စိုးဝင်း၊ သံရုံးများမှကိုယ်စားလှယ်များ၊ အစိုးရ-ပုဂ္ဂလိက ခရီးသွားလုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့များနှင့် Myanmar Tourism Marketing Association မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။ ပြပွဲသို့ နိုင်ငံတကာဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များနှင့် စိတ်ပါဝင်စားသူများ (၂၀၀၀၀) ကျော် လာရောက်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။