(၈-၅-၂၀၂၅ ရက်၊ ဂျကာတာ)
အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် အာဆီယံ အတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၃)ကြိမ်မြောက် အာဆီယံ-ကနေဒါ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေး၊ (၁၀)ကြိမ်မြောက် အာဆီယံ-နော်ဝေ ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးနှင့် (၇၆)ကြိမ်မြောက် အာဆီယံ ပေါင်းစည်းရေးလုပ်ငန်းအစီအစဉ် အစည်းအဝေးများသို့ ပါဝင်တက်ရောက်ခဲ့သည်။ ၂-၅-၂၀၂၅ ရက်တွင် ကျင်းပသည့် (၁၃)ကြိမ်မြောက် အာဆီယံ-ကနေဒါ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် ပင်လယ်ရေကြောင်းပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး၊ အမျိုးသမီးများဘဝ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (WPS)အစီအစဉ်၊ ရွှေ့ပြောင်းလုပ်သားများအကာအကွယ်ပေးရေး၊ သဘာဝဘေးစီမံခန့်ခွဲ ရေး၊ ပညာရေးနှင့် ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံရေး အပါအဝင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် အာဆီယံ-ကနေဒါ ကုန်သွယ်ရေးသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးခဲ့ကြသည်။ ၆-၅-၂၀၂၅ ရက်တွင် ကျင်းပသည့် (၁၀)ကြိမ်မြောက် အာဆီယံ-နော်ဝေ ကဏ္ဍ အလိုက် ပူးပေါင်းဆောင်ရွက်ရေးကော်မတီအစည်းအဝေးတွင် အာဆီယံ-နော်ဝေ ဆွေးနွေး ဖက်ဆက်ဆံရေး (၁၀)နှစ်ပြည့် နှစ်ပတ်လည်အထိမ်းမှတ်ကို ဂုဏ်ပြုခဲ့ကြပြီး အာဆီယံ-နော်ဝေ လက်တွေ့ပူးပေါင်း ဆောင်ရွက်ရေးနယ်ပယ် (၂၀၂၁-၂၀၂၅) အကောင်အထည် ဖော်ဆောင်ရာတွင် ဖြစ်ပေါ်တိုးတက်မှုများအပေါ် ဆွေးနွေးခဲ့ကြသည်။ အလားတူ ၆-၅-၂၀၂၅ ရက်တွင် ကျင်းပသည့် (၇၆) ကြိမ်မြောက် အာဆီယံ ပေါင်းစည်းရေးလုပ်ငန်းအစီအစဉ် အစည်းအဝေးတွင် လက်ရှိ IAI Work Plan IV (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့်အခက်အခဲများ၊ စီမံကိန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မဟာဗျူဟာကျသည့်လုပ်ငန်းအစီအမံ များနှင့် စီမံကိန်းများကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် IAI Work Plan V ရေးဆွဲရာတွင် ဖြစ်ပေါ်တိုးတက်မှုများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြ ကြောင်းသိရှိရပါသည်။

