(၁၂၇) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီအစည်းအဝေးသို့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦး တက်ရောက် (၂၂-၇-၂၀၂၅ ရက်)

(၂၂-၇-၂၀၂၅ ရက်၊ နယူးဒေလီ)

အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၂-၇-၂၀၂၅ ရက်၊ နံနက် (၁၁:၀၀) နာရီတွင် နယူးဒေလီမြို့ရှိ မလေးရှားသံရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် (၁၂၇) ကြိမ်မြောက် အာဆီယံ-နယူးဒေလီ ကော်မတီအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေး၌ အလှည့်ကျဥက္ကဋ္ဌ အိန္ဒိယနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး H.E. Dato’ Muzafar Shah Mustafa က မလေးရှားနိုင်ငံ အလှည့်ကျဥက္ကဋ္ဌကာလဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း အာဆီယံနိုင်ငံ သံအမတ်ကြီးများနှင့် အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများနှင့် တွေ့ဆုံနိုင်ရေး၊ အာဆီယံစျေးရောင်းပွဲတော်နှင့် အာဆီယံမိသားစု အားကစားပွဲတော်များ ကျင်းပနိုင်ရေး၊ အိန္ဒိယနိုင်ငံအတွင်းရှိ ပြည်နယ်တစ်ခုသို့ အာဆီယံသံအမတ်ကြီးများအားလုံး စုပေါင်းသွားရောက်နိုင်ရေးနှင့် အာဆီယံရုပ်ရှင်ပွဲတော် ကျင်းပနိုင်ရေးတို့နှင့်စပ်လျဉ်း၍ စီစဉ်ထားရှိမှုအခြေအနေအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့ပြင် မြန်မာသံအမတ်ကြီး ဦးဇော်ဦးနှင့် အာဆီယံနိုင်ငံသံအမတ်ကြီးများက အာဆီယံနိုင်ငံများနှင့် အိန္ဒိယနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ခြင်းနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်ရေးတို့အပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် မလေးရှားသံအမတ်ကြီးက တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။