(၂၂-၈-၂၀၂၄ ရက်၊ အူလန်ဘာတာ)
မွန်ဂိုလီးယားနိုင်ငံ၊ အူလန်ဘာတာမြို့၌ ၂၂-၈-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် (၁၀)ကြိမ်မြောက် အရှေ့အာရှနှင့် လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။ အဆိုပါ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ အရှေ့အာရှနှင့် လက်တင်အမေရိက နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သံအမတ်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ FEALAC Cyber Secretariat ၊ ကုလသမဂ္ဂ လက်တင်အမေရိကနှင့် ကာရစ်ဘီယံနိုင်ငံများဆိုင်ရာ စီးပွားရေးကော်မရှင်နှင့် ကုလသမဂ္ဂ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေး ကော်မရှင်တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေးတွင် အရှေ့အာရှနှင့် လက်တင်အမေရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ (၂၅)နှစ်တာကာလအတွင်း အရှေ့အာရှနှင့် လက်တင်အမေရိက ဒေသနှစ်ခုအကြား ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ အပေါ် ပြန်လည်သုံးသပ်ခဲ့ကြပြီး၊ ဒေသကြီးနှစ်ခုအကြား စီးပွားရေး၊ လူမှုရေး၊ ပြည်သူ အချင်းချင်းဆက်ဆံရေးတို့တွင် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားရေးနှင့် ဦးစားပေး လုပ်ငန်းစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးအပြီးတွင် အရှေ့အာရှနှင့် လက်တင်အမေရိကပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ရှေ့လာမည့်နှစ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည့် လမ်းညွှန်ချက်အဖြစ် အူလန်ဘာတာကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ဖော်ပြပါအစည်းအဝေးနှင့် ဆက်စပ်၍ အရှေ့အာရှနှင့် လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်၏ ၂၄ ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၁-၈-၂၀၂၅ ရက်နေ့တွင် ကျင်းပခဲ့ရာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်ဝင်းသည် အဆိုပါအစည်းအဝေးသို့ တက်ရောက် ခဲ့ပါသည်။ အရှေ့အာရှနှင့် လက်တင်အမေရိက ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို အရှေ့အာရှနှင့် လက်တင်အမေရိက ဒေသနှစ်ခုအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှု တိုးမြှင့်နိုင်ရန်၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနှင့်နည်းပညာ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဉ်ကျေးမှု၊ အားကစားစသည့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရန်နှင့် ဘုံအကျိုး စီးပွားများကို ပူးပေါင်းထိန်းသိမ်းရန်အတွက် ဒေသများအကြား နိုင်ငံစုံဖိုရမ်အဖြစ် ၁၉၉၉ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပါသည်။ ဖိုရမ်အဖွဲ့ဝင်နိုင်ငံများအဖြစ် မြန်မာနိုင်ငံအပါအဝင် အရှေ့အာရှနှင့် လက်တင်အမေရိက ဒေသတို့မှ နိုင်ငံပေါင်း (၃၆) နိုင်ငံ ပါဝင်ကြပါသည်။



