(၂၁-၆-၂၀၂၅ ရက်၊ နယူးဒေလီ)
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဇော်ဦးသည် ၂၁-၆-၂၀၂၅ ရက်နေ့၊ နံနက်၀၆၃၀ နာရီတွင် နယူးဒေလီမြို့ရှိ နေရူးပန်းခြံ၌ကျင်းပခဲ့သော အိန္ဒိယနိုင်ငံပြည်ပရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် (၁၀)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာယောဂနေ့အခမ်းအနား(၂၀၂၅)သို့ တက်ရောက် ခဲ့ပြီး ယောဂလေ့ကျင့်ခန်းအစီအစဉ်များတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံ၊ ပြည်ပရေးရာဝန်ကြီးဌာနဝန်ကြီး Dr. S. Jaishankar ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့ပြီး နယူးဒေလီမြို့အခြေစိုက် နိုင်ငံတကာသံရုံးများနှင့် အာဆီယံနိုင်ငံများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများနှင့် အခြား နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြပြီး ယောဂလေ့ကျင့်ခန်းအစီအစဉ်များတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှရီနာရင်ဒရာမိုဒီ၏ မိန့်ခွန်း ပြောကြားခြင်းကိုလည်း တိုက်ရိုက်အသံလွှင့်ခဲ့ပါသည်။
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပခဲ့သော ကုလသမဂ္ဂအထွေထွေညီလာခံတွင် အိန္ဒိယနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ ရှရီနာရင်ဒရာမိုဒီမှ အဆိုပါ ယောဂနေ့အခမ်းအနားအား ကျင်းပရန် ၎င်း၏ မိန့်ခွန်းတွင် အဆိုပြုပြောကြားခဲ့ရာ နှစ်စဉ် ဇွန်လ ၂၁ ရက်နေ့ရောက်တိုင်း အဆိုပါအခမ်းအနားအား ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ်သည် (၁၀)ကြိမ်မြောက် ကျင်းပသော ယောဂနေ့အခမ်းအနားဖြစ်ပါသည်။
*********************************

