ဩစတြေးလျနိုင်ငံ၊ အက်ဒလိတ်မြို့၌ ကျင်းပခဲ့သည့် ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ် (၂၀၂၅) သို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက် (၂၇-၈-၂၀၂၅ ရက်)

(၂၇-၈-၂၀၂၅၊ အက်ဒလိတ်)

ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ် (၂၀၂၅) ကို ဩစတြေးလျနိုင်ငံ၊ အက်ဒလိတ်မြို့ရှိ အက်ဒလိတ်ကွန်ဗင်းရှင်းစင်တာ၌ ၂၀၅ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ရာ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်းသည် ကင်ဘာရာမြို့ အခြေစိုက် အာဆီယံနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ/သံရုံးအကြီးအကဲများနှင့်အတူ ပါဝင်တက်ရောက်ခဲ့ပါ သည်။ အဆိုပါဖိုရမ်သို့ တောင်ဩစတြေးလျပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Mr. Peter Malinauskas MP ၊ တောင်ဩစတြေးလျပြည်နယ်မှ ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Mr. Joe Szakacs MP၊ အာဆီယံအတွင်းရေးမှူးချုပ် Dr. Kao Kim Hourn၊ အာဆီယံစီးပွားရေးအကြံပေး ကောင်စီဥက္ကဋ္ဌ Mr. Tan Sri Nazir Razak၊ ဩစတြေးလျ-အာဆီယံစီးပွားရေးဖိုရမ်ကျင်းပရေးဥက္ကဋ္ဌ Mr. Francis Wong တို့က အထူးဧည့်သည်တော်များအဖြစ် ပါဝင်တက်ရောက်ခဲ့ကြပြီး ဩစတြေးလျ ဘုရင်ခံချုပ် Ms. Sam Mostyn AC က ရုပ်/သံမှတ်တမ်းဖြင့် မိန့်ခွန်းစကားပြောကြားခဲ့ပါသည်။ အဆိုပါဖိုရမ်ကို “Advancing ASEAN Sustainability Agenda” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ခြင်း ဖြစ်ပြီး ဖိုရမ်၌ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်နှင့်အစိမ်းရောင်စီးပွားရေး၊ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာ လုံခြုံမှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းလဲမှုနှင့်အသိဉာဏ်တု၊ လူသားအရင်းအနှီးနှင့်ကျွမ်းကျင်မှုဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများနှင့် အငယ်စား၊အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးနှင့် ကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှု စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။ ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံစုံကုန်သွယ်မှုနှင့်စီးပွားရေးရာဝန်ကြီး Dr. Sok Siphana၊ ဖိလစ်ပိုင် နိုင်ငံမှ စိုက်ပျိုးရေးဆိုင်ရာ ဒုတိယဝန်ကြီး Ms. Cheryl M.N. Caballero၊ ဩစတြေးလျမြောက်ပိုင်း ဒေသ ကုန်သွယ်ရေး၊ စီးပွားရေးလုပ်ငန်းနှင့် အာရှဒေသဆက်ဆံရေးဆိုင်ရာဝန်ကြီး Mr. Robyn Cahill OAM ၊ အာဆီယံ-ဩစတြေးလျစင်တာမှ အကြီးအကဲ Ms. Fiona Hoggart၊ တောင်ဩစတြေးလျပြည်နယ်မှ အရှေ့တောင်အာရှဒေသဆိုင်ရာ အထူးကိုယ်စားလှယ် Mr. Martin Haese တို့အပါအဝင် ဩစတြေးလျနိုင်ငံ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အခြားဒေသတွင်းဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် နယူးဇီလန်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေး ဦးဆောင် လုပ်ငန်းရှင်များ၊ စီးပွားရေးဆိုင်ရာပညာရှင်များက အဖွဲ့လိုက် ပါဝင်ဆွေးနွေးခဲ့ကြပြီး တက်ရောက် သူ စုစုပေါင်း(၆၀၀) ကျော်ခန့်ရှိခဲ့ပါသည်။ အဆိုပါဖိုရမ်၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဩစတြေးလျနိုင်ငံမှ စီးပွားရေးလုပ်ငန်းများနှင့် အာဆီယံအဖွဲ့ဝင်သံရုံးအချို့က ပြခန်းများကို ပါဝင်ပြသခဲ့ကြပြီး အထိမ်းအမှတ်ညစာစားပွဲ (Gala Dinner) ကို ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေပိုင်းတွင် အက်ဒလိတ်ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပခဲ့ ကြောင်း သိရှိရပါသည်။