ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့၌ ကျင်းပခဲ့သည့် National Multicultural Festival 2026 ၌ မြန်မာသံရုံးက အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံးများနှင့်အတူ ပြခန်းပါဝင်ပြသခဲ့ခြင်း

(၇-၂-၂၀၂၆၊ ကင်ဘာရာ)

ဩစတြေးလျနိုင်ငံ၊ ကင်ဘာရာမြို့၌ ကျင်းပခဲ့သည့် National Multicultural Festival 2026 ၌ မြန်မာသံရုံးမှ သံရုံးယာယီတာဝန်ခံ ဒေါ်မြတ်သူဇာသန်း ဦးဆောင်၍ သံရုံးဝန်ထမ်းများသည် မြန်မာ့ယဉ်ကျေးမှုပြခန်းအား ကင်ဘာရာမြို့အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံမှ သံရုံးများနှင့် အတူ ASEAN Village အစီအစဉ်ဖြင့် ၇-၂-၂၀၂၆ ရက်၊ စနေနေ့တွင် ပါဝင်ပြသခဲ့ပါသည်။

ASEAN Village ပြခန်းများ၏ ဖွင့်ပွဲအစီအစဉ်သို့ Australian Capital Territory (ACT) ပြည်နယ်ဝန်ကြီးချုပ် Mr. Andrew Barr က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပြီး အခမ်းအနားကို မြန်မာသံရုံးအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံသံရုံး (၁၁) ရုံးမှ သံရုံးအကြီးအကဲများနှင့်အတူ စည်တော်တီး၍ ဖွင့်လှစ်ခြင်း၊ အမှတ်တရ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့် ဆောင်ရွက်ခဲ့ပါသည်။

မြန်မာသံရုံး၏ ပြခန်း၌ မြန်မာ့လက်မှုအနုပညာများဖြစ်သည့် ရွှေချည်ငွေချည်ထိုးလက်ရာများ၊ လောကနတ်ရုပ်ထု၊ မြန်မာ့စောင်း၊ ယွန်းအုပ်နှင့် ယွန်းထည်ပစ္စည်းများ၊ မြန်မာ့ကျောက်စိမ်း ဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာများ၊ တိုင်းရင်းသားဝတ်စုံများ၊ ပုသိမ်ထီးများနှင့် လက်မှုအသုံးအဆောင်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပါသည်။ အထူးသဖြင့် မြန်မာပြခန်းတွင် မြန်မာ့ ရိုးရာသနပ်ခါးကို မြန်မာ့ယဉ်ကျေးမှုအမှတ်သားအဖြစ် စိတ်ဝင်စားဖွယ်အသားပေးပြသခဲ့ရာ စိတ်ဝင်စားစွာဖြင့် ကြည့်ရှုလေ့လာသူအထူးများပြားပြီး နှစ်သက်စွာ စမ်းသပ်လိမ်းခြယ်ခဲ့ကြပါသည်။

မြန်မာသံရုံးက ခင်းကျင်းပြသထားသည့် ပြခန်းသို့ လာရောက်လှည့်လည်ကြည့်ရှုသော ဧည့်ပရိသတ်များအား သံရုံးယာယီတာဝန်ခံနှင့် သံရုံးဝန်ထမ်းများက မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အနုလက်ရာပစ္စည်းများအကြောင်း ရှင်းလင်းပြောကြားကာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မိတ်ဆက်ပေးခဲ့ကြပါသည်။

National Multicultural Festival သည် ကင်ဘာရာမြို့၌ နှစ်စဉ် ဖေဖော်ဝါရီလတွင် ကျင်းပသည့် ဩစတြေးလျနိုင်ငံ၏ ထင်ရှားသောယဉ်ကျေးမှုပွဲတော်ဖြစ်ပြီး ယခုနှစ်သည် (၂၈) ကြိမ်မြောက်အဖြစ် ၆-၂-၂၀၂၆ ရက်နေ့ မှ ၈-၂-၂၀၂၆ ရက်နေ့အထိ (၃) ရက်ကြာကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ National Multicultural Festival ယင်းပွဲတော်သို့ ကင်ဘာရာမြို့အခြေစိုက် ပြည်ပသံရုံးပေါင်း (၈၀)ကျော်နှင့် ဒေသခံလူမှုအသိုက်အဝန်းများမှ ယဉ်ကျေးမှုဓလေ့ထုံးစံများအား ပေါင်းစည်းပြသသည့် ပြခန်းပေါင်း (၁၇၀)ကျော်ပါဝင်ပြသခဲ့ကာ ယဉ်ကျေးမှုဓလေ့ထုံးစံများကို အပြန်အလှန် နားလည်စေရေးနှင့် ထိတွေ့မှုရရှိစေရေးတို့ကို မြှင့်တင်ဆောင်ရွက်သည့် ပွဲတော်ဖြစ်ကြောင်းသိရှိရပါသည်။