ဩစတြီးယားနိုင်ငံ ဖက်ဒရယ်သမ္မတနှင့် ဇနီးတို့က သံတမန်အဖွဲ့နှင့် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာသံရုံးအကြီးအကဲ တက်ရောက်(၁၄-၂-၂၀၂၃ ရက်)

(၁၄-၂-၂၀၂၃ ရက်၊ ဗီယင်နာ)

ဩစတြီးယားသမ္မတနိုင်ငံ၏ ဖက်ဒရယ်သမ္မတ H.E. Dr. Alexander Van der Bellen နှင့် ဇနီး Ms. Doris Schmidauer တို့က သံတမန်အဖွဲ့ (Diplomatic Corps) နှင့် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားကို ၁၄-၂-၂၀၂၃ ရက်တွင် Hofburg သမ္မတနန်းတော်၌ ကျင်းပခဲ့ရာ၊ မြန်မာသံရုံးအကြီးအကဲ သံအမတ်ကြီး ဦးမင်းသိမ်း တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ ဩစတြီးယားနိုင်ငံ ဖက်ဒရယ်သမ္မတနှင့် ဇနီးတို့နှင့်အတူ ဥရောပနှင့်နိုင်ငံ တကာရေးရာဝန်ကြီး(နိုင်ငံခြားရေး) H.E. Mr. Alexander Schallenberg၊ တပ်မတော်စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ်ကြီး Rudolf Striedinger၊ နိုင်ငံခြားရေးရာအတွင်းရေးမှူးချုပ် H.E. Mr. Peter Launsky-Tieffenthal နှင့် အဆင့်မြင့်အရာရှိကြီးများ၊ ဗီယင်နာမြို့အခြေစိုက် နိုင်ငံခြားသံရုံး (၁၂၅)ရုံးမှ သံရုံးအကြီးအကဲများနှင့် ၎င်းတို့၏ ဇနီးများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရှေးဦးစွာ သံတမန်နာယက(Dean)ဖြစ်သူ ဟိုလီစီးသံအမတ်ကြီး (Apostolic Nuncio) Most Reverend Archbishop Pedro Lopez Quintana က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီးနောက်၊ ဖက်ဒရယ်သမ္မတက မိန့်ခွန်းပြောကြားခဲ့ပါသည်။ ထို့နောက် ဖက်ဒရယ်သမ္မတနှင့်ဇနီး၊ ဥရောပနှင့်နိုင်ငံတကာရေးရာဝန်ကြီးတို့က အခမ်းအနားသို့ တက်ရောက်လာသော နိုင်ငံခြားသံရုံးအကြီးအကဲများနှင့်ဇနီးများအား တစ်နိုင်ငံချင်းအလိုက် နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။