(၂၆-၉-၂၀၂၆၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာ မတူကွဲပြားသော ယဥ်ကျေးမှုအဖွဲ့အစည်း (International Cultural Diversity Organization-ICDO) က ကြီးမှူး၍ ကမ္ဘာ့ဝတ်စားဆင်ယင်မှုပြပွဲ (Costumes of the World Show) ကို ၂၅-၉-၂၀၂၆ ရက်တွင် ဗီယင်နာမြို့တော်ခန်းမ (Festsaal Rathaus) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ မြန်မာသံရုံးနှင့် အဖွဲ့ရုံး ယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးအောင်ကျော်ဇံနှင့်ဇနီး၊ ဗီယင်နာမြို့အခြေစိုက် သံရုံး/ အဖွဲ့ရုံးများမှ သံအမတ်ကြီးများ၊ ယဉ်ကျေးမှုသံအရာရှိများနှင့် ပရိသတ်ရာပေါင်းများစွာ တက်ရောက်အားပေးခဲ့ကြပါသည်။
အခမ်းအနားကို ဗီယင်နာမြို့တော်ကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် Mr.Omar Al-Rawi၊ ဗီယင်နာတက္ကသိုလ် ယဥ်ကျေးမှုပါမောက္ခ Dr. Hermann Muckler နှင့် ICDO ဥက္ကဋ္ဌ Ms. Josipa Palac တို့က နှုတ်ခွန်းဆက် အမှာစကားများဖြင့် ပြောကြားဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံက ရိုးရာဝတ်စုံများ၊ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။
မြန်မာသံရုံး/ အဖွဲ့ရုံး ဝန်ထမ်းများနှင့် မိသားစုဝင်များက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတိုင်းရင်းသား လူမျိုး (၈) မျိုး၏ ရိုးရာဝတ်စုံများကို ဝတ်ဆင်၍ “ထာဝရသစ္စာ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါသည်။





