(၂၅-၂-၂၀၂၆ရက်၊ ဗီယင်နာ)
ဩစတြီးယားနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမင်းသိမ်းသည် ဗီယင်နာအခြေစိုက် အခြား အာဆီယံနိုင်ငံသံရုံးအကြီးအကဲများနှင့် အရာထမ်းများနှင့်အတူ အာဆီယံ-ဗီယင်နာ ကော်မတီ (AVC) ၏ လေ့လာရေးခရီးစဉ်သို့ လိုက်ပါတက်ရောက်ခဲ့သည်။ ယင်းလေ့လာရေး ခရီးစဉ်သို့ ဩစတြီးယားနိုင်ငံ စီးပွားရေး၊ စွမ်းအင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဩစတြီးယား ကုန်သည်ကြီးများ အသင်း (WKO)တို့မှ တာဝန်ရှိသူများလည်း လိုက်ပါခဲ့ကြသည်။
အဆိုပါ လေ့လာရေး အစီအစဉ်အတွင်း AVC လေ့လာရေးအဖွဲ့သည် ပြည်ပမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်ရင်းနှီးမြှုပ်နှံသူများအား ဗီယင်နာမြို့တွင် လုပ်ငန်းတည်ထောင်ရာ၌ အခမဲ့အကြံဉာဏ်ပေးလျက်ရှိသော ဗီယင်နာစီးပွားရေးအေဂျင်စီ (VBA) ၏ Expat Center သို့ လည်းကောင်း၊ ဆိုက်ဘာလုံခြုံရေး၊ ဉာဏ်ရည်တု (AI) နှင့် ကွမ်တမ်နည်းပညာများကို သုတေသန ပြုလျက်ရှိသည့် ဩစတြီးယားနည်းပညာဌာန (AIT) သို့လည်းကောင်း၊ Aspern ခရိုင်အတွင်း စမတ်စီးတီးအဖြစ် အဆင့်လိုက် ဖွံ့ဖြိုးတည်ဆောက်လျက်ရှိသော Seestadt Aspern သို့ လည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချထိန်းသိမ်းရေးကို ပံ့ပိုးမှုအဖြစ် စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးချ ဖန်တီးအသုံးပြုမှုများကို ပြသလျက်ရှိသော Climate Lab သို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကြသည်။ အဆိုပါအစီအစဉ်အား အာဆီယံ-ဗီယင်နာကော်မတီ၏ လက်ရှိ အလှည့်ကျဥက္ကဋ္ဌ ဖြစ်သော ဖိလစ်ပိုင်သံရုံး၊ ဩစတြီးယားကုန်သည်ကြီးများအသင်းနှင့် ဗီယင်နာစီးပွားရေးအေဂျင်စီတို့က ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး၊ ယခုလေ့လာရေးခရီးစဉ်မှတစ်ဆင့် ဩစတြီးယားနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေး၊ နည်းပညာဆန်းသစ်တီထွင်ရေး၊ စမတ်စီးတီးစီမံကိန်းများနှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် နားလည်မှုတိုးမြှင့်ရရှိခဲ့ပြီး အာဆီယံနှင့် ဩစတြီးယားနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ခိုင်မာစေရန် အထောက်အကူဖြစ်စေခဲ့ပါသည်။



